ဧရာဝတီတိုင်းမှာ (၁)နှစ်အတွင်း စက်ရုံတွေ ပိတ်သိမ်းတာတွေကြောင့် လူ ၃၀၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်နေရ

ဇန်နဝါရီ ၂-၂၀၂၂
MM(VOM)

ဧရာ၀တီတိုင်းမှာ အထည်ချုပ်စက်ရုံတွေ ပိတ်တာ ၊ အလုပ်သမားတွေလျှော့ချတာကြောင့် ၂၀၂၂ခုနှစ်အတွင်း အလုပ်သမား အယောက် ၃၀၀၀ နီးပါး အလုပ်လက်မဲ့ ဖြစ်နေရတယ်လို့ အလုပ်သမား အရေးကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။

” တနှစ်အတွင်း ပိတ်သိမ်းခဲ့တဲ့ အထည်ချုပ် စက်ရုံ ၂ ရှိတယ် ၊ အလုပ်သမား အင်အား ၉၀၀ နီးပါးနဲ့ လည်ပတ်နေတဲ့ ပုသိမ်မြို့ ၊ အမှတ်(၁၃)ရပ်ကွက် စက်မှုဇုန်မှာရှိတဲ့ Chai Moon Sport အထည်ချုပ်စက်ရုံနဲ့ အလုပ်သမားအင်အား ၁၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ ပုသိမ်မြို့၊ကွင်းအမှတ် ၅၀/သစ်ညိုကုန်းကွင်း၊ တဲကြီးကုန်းလမ်း အမှတ် ၁၁ ရပ်ကွက်မှ Myanmar All Rich အထည်ချုပ်စက်ရုံတို့ ဖြစ်တယ် ၊ မအူပင် ၊ ကန်ကြီးထောင့် သာပေါင်း ဘက်မှာလည်း အလုပ်ပြုတ်တာတွေရှိတယ် ၊ အလုပ်လက်မဲ့ဖြစ်တဲ့သူ ဦးရေဟာ အားလုံး ပေါင်းလိုက်ရင် ၃၀၀၀ နီးပါးလောက်ရှိတယ် ဒီကနေ့အထိ အလုပ်ပြန်မရ သေးဘူး။”လို့ အလုပ်သမားအရေး ကူညီပေးနေသူ တယောက်ကပြောပါတယ်။

အလုပ်လက်မဲ့ အထည်ချုပ် အလုပ်သမား တယောက်က” အထည်အော်ဒါမှာယူတာ မရှိတော့လို့ ပိတ်တာတဲ့ ၊ နှစ်လ ပိတ်မယ်လို့ပြောတယ် ၊ ၃ လထဲရောက်လာပြီ ပြန်ဖွင့်ဖို့ မသေချာဘူး ၊ အလုပ်ကရက်ရှည် မရှိတော့ အခု အဆောင်ခပေးဖို့မရှိဘူး ၊စားဖို့လည်း မရှိဘူးဖြစ်လာတယ် ၊ တချို့အလုပ်သမားတွေက ပြန်ဖွင့်မလားဆိုပြီး စောင့်နေတယ် ၊ တချို့က ရွာပြန်ကုန်ကျတယ်၊ ရွာပြန်တဲ့သူတွေက အကြွေးကင်းတဲ့သူတွေပါ ၊ တချို့က အလုပ်သစ် ထပ်ရှာနေတယ် ၊ အလုပ်သစ် တစ်ခုကလည်း အခုခေတ်မှာရဖို့က တော်တော် မလွယ်ဘူး ၊ အလုပ် လက်မဲ့ဖြစ်ရတဲ့သူ ဦးရေက နည်းမှ မနည်းတာ ၊ သက်ဆိုင်တဲ့ ဌာနအဖွဲ့အစည်းတွေက ကုစားတဲ့အနေနဲ့ အလုပ် ဖန်တီးပေးဖို့ပြောချင်ပါတယ် ၊ ဒီလိုမှမဟုတ်ရင် ကြီးမားတဲ့ ပြဿနာတွေ အငတ်ဘေးတွေ ဖြစ်ပေါ်လာနိုင်တယ်။”လို့ သူကပြောပါတယ်။

လုပ်သားအလျှော့ခံရတဲ့ အထဲမှာပါတဲ့ အထည်ချုပ် အလုပ်သမား တယောက်က” ကျွန်မဆို အထည်ချုပ်စက်ရုံကနေ အလုပ်ပြုတ်လို့ ရန်ကုန်ဘက်တက်ပြီး အလုပ်ရှာနေတာ ရန်ကုန်ဘက်ကလည်း အလုပ်ကနေ လူမလိုတာ ၊ လုပ်သားလျှော့ချတာ ၊ စက်ရုံပိတ်တာ ၊ လုပ်အားခနဲ့ အခြားအခက်အခဲတွေကြောင့် အလုပ်သမားတွေ ဆန္ဒပြနေတာတွေဖြစ်နေတယ် ၊ ကိုယ်က မတိုးသာဘူး ၊ အလုပ်ရှာရတာ ၂ လကျော်လာပြီး အခုအထိ အဆင်မပြေ အလုပ်မရဘူးဖြစ်နေတယ်။”လို့ သူက ပြောပါတယ်။

အခုလို အလုပ်လက်မဲ့ဖြစ်နေရတဲ့ အလုပ်သမား ၃၀၀၀ နီးပါးထဲမှာ စက်ရုံနဲ့ နီးစပ်တဲ့ ရပ်ကွက်တွေကို မိသားစုလိုက်ရွှေ့ပြောင်းပြီး အဆောင်ငှားနေတဲ့ အထည်ချုပ် အလုပ်သမား မိသားစုတွေ၊ စက်ရုံကရတဲ့ လစာကိုပဲ အားကိုးနေရတဲ့သူတွေအတွက် ဘဝပျက်တဲ့အထိ ဖြစ်နေတယ်လို့ အထည်ချုပ် အလုပ်သမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းက အထည်ချုပ်စက်ရုံတွေမှာ လျှပ်စစ်မီး ပုံမှန်မလာတဲ့အခါ အလုပ်နားနေရတာကြောင့် လုပ်သားတွေရဲ့ အလုပ်အချိန်ထဲက ငွေအချို့ကို ပြန်လည်ဖြတ်တောက်တာတွေလုပ်နေလို့ နစ်နာမှုတွေလည်း ရှိနေတယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ အလုပ်သမားတွေဆီကနေ သိရပါတယ်။

ဓာတ်ပုံ – ပိတ်သိမ်းခဲ့တဲ့ ပုသိမ်က အထည်ချုပ်စက်ရုံတခု
#voiceofmyanmar #VOM #ဧရာဝတီတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW