ပခုက္ကူမြို့နယ်မှာ ပစ်သတ်ခံထားရတဲ့ လူငယ်ရုပ်အလောင်း ၉ လောင်းတွေ့

ဇန္နဝါရီ ၊ ၃ ၊ ၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ၊ ကျွန်းချောင်း – သက္ကယ်ကျင်း ကားလမ်းမှာ မနေ့ ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ လူငယ် ရုပ်အလောင်း ၉ လောင်းတွေ့ခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” အသက် ၂၀ ဝန်းကျင်အရွယ် လူငယ် ရုပ်အလောင်း ၉ လောင်းတွေ့ရတာပါ ၊ အားလုံးက ပစ်သတ်ခံထားရတာဖြစ်တယ် ၊ ဘယ်သူ ဘယ်ဝါတွေဖြစ်တယ်ဆိုတာ အခုထိ မသိရသေးဘူး “လို့ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ၉ လောင်းပြိုင်တွေ့ရတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” အကြမ်းဖက်သင်တန်း တက်ပြီး ဆင်းလာမယ်ဆိုတဲ့ သတင်းအရ နယ်မြေရှင်းလင်းတာတော့ရှိတယ် ၊ အဲ့ဒါကို လုံခြုံရေးအဖွဲ့က စောင့်ကြို တိုက်ခိုက်တဲ့အခါ ရုပ်အလောင်း ၉ လောင်း ၊ ပစ္စတိုသေနတ် ၁ လက် ၊ FCG 9 သေနတ် ၁ လက် ၊ ဆိုင်ကယ် ၅ စီးနဲ့ ဆက်စပ် အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆီးရမိတာရှိတယ် “လို့ ပြောပါတယ်။

ပခုက္ကူခရိုင်မှာ ပြီးခဲ့တဲ့ ၂၃ လအတွင်း လူ၂၀၀ ဝန်းကျင် ပစ်ခတ်၊ ဗုံးကွဲမှုတွေကြောင့် သေဆုံးခဲ့ရတာလည်း ရှိတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW