စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ ၁ နှစ်အတွင်း လူနေအိမ် ၂ သောင်းကျော် မီးရှို့ခံရ

ဇန်နဝါရီ ၃ -၂၀၂၃
SP ( VOM)

ပြီးခဲ့တဲ့ ၂၀၂၂ ၊ ဇန်နဝါရီလ ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ၁ နှစ်တာကာလအတွင်းမှာ စစ်ကိုင်းတိုင်းထဲက မြို့နယ်ပေါင်း ၂၂ မြို့နယ် ၊ ကျေးရွာပေါင်း တစ်ရာကျော်မှာရှိတဲ့ လူနေအိမ် ၂ သောင်းကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ရေဦးမြို့နယ်မှာ ၊ တင်းတိန်ရံ စျေးကြီး အပါအဝင် အဆောက်အဦပေါင်း ၁၃၄၆ လုံး ၊ ဒီပဲယင်းမြို့နယ်မှာ လူနေအိမ် ၂၈၆၂ လုံး ၊ ဝက်လက်မြို့နယ်မှာ ၁၂၅၅ လုံး ၊ ရွှေဘိုမြို့နယ်မှာ ၃၅၂ လုံး ၊ ကန့်ဘလူမြို့နယ်မှာ ၁၂၆၀ လုံး ၊ ခင်ဦးမြို့နယ်မှာ ၂၁၄၁ လုံး ၊ မြင်းမူမြို့နယ်မှာ ၈၁၇ လုံး ၊ အရာတော်မြို့နယ်မှာ ၉၁၈ လုံး ၊ ပုလဲမြို့နယ်မှာ ၄၆၂ လုံး ၊ မြောင်မြို့နယ်မှာ ၅၁၄ လုံး ၊ ချောင်းဦးမြို့နယ်မှာ ၆၁၈ လုံး ၊ ထီးချိုင့်မြို့နယ်မှာ ၇၁၃ လုံး ၊ အင်းတော်မြို့နယ်မှာ ၂၁၉ လုံး ၊ ကသာမြို့နယ်မှာ ၁၄၄ လုံး ၊ ကလေးမြို့နယ်မှာ ၇၆၂ လုံး ၊ မော်လိုက်မြို့နယ်မှာ ၅၂ လုံး ၊ မုံရွာမြို့နယ်မှာ ၈၉ လုံး ၊ ကနီမြို့နယ်မှာ ၂၁၆ လုံး ၊ မင်းကင်းမြို့နယ်မှာ ၄၁၉ လုံး ၊ ပင်လည်ဘူးမြို့နယ်မှာ ၁၅၂ လုံး ၊ ဗန်းမောက်မြို့နယ်မှာ ၁၆၆ လုံး ၊ ဆားလင်းကြီးမြို့နယ်မှာက ၄၉၆ လုံး ၊ မြို့နယ် ၂၂ မြို့နယ်မှာ ၊ လူနေအိမ် ၂၂၆၂၀ လုံး မီးလောင်ပျက်စီးခဲ့တယ် ၊ အဲ့ဒါ လက်လှမ်းမီသလောက် ကောက်ယူရရှိထားတဲ့ စာရင်းဖြစ်တယ် ၊ မြေပြင်အခြေအနေနဲ့ဆို အနည်းငယ် ကွာဟမှုရှိနိုင်ပြီး ၊ မြေပြင်မှာက ဒီဖြစ်စဥ်တွေထက် ပိုနိုင်တယ် “လို့ ဒေသခံ ပရဟိတသမားတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းက မီးဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ပရဟိတသမား တယောက်က ” စစ်ကိုင်းတိုင်းထဲက မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာတချို့ရဲ့ မီးလောင်ပြင်တွေထဲမှာ ၊ မီးလောင်ထားတဲ့ လူသေ ရုပ်အလောင်းတချို့တွေ့ရတယ် ၊ တန့်ဆည်မြို့နယ်မှာ ၁၈ လောင်း ၊ ရေဦးမြို့နယ်မှာ ၁၄ လောင်း ၊ မြင်းမူမြို့နယ်မှာ ၁၁ လောင်း ၊ အရာတော်မြို့နယ်မှာ ၃ လောင်း ၊ ဒီပဲယင်းမြို့နယ်မှာ ၇ လောင်း ၊ ခင်ဦးမြို့နယ်မှာ ၂၁ လောင်း ၊ ကန့်ဘလူမြို့နယ်မှာ ၈ လောင်း ၊ ဝက်လက်မြို့နယ်မှာ ၅ လောင်း ၊ စစ်ကိုင်းမြို့နယ်မှာ ၃ လောင်း ၊ မြို့နယ် ၉ ခုမှာ မီးလောင်ကျွမ်းထားတဲ့ ရုပ်အလောင်းပေါင်း ၉၀ တွေ့ရတယ် ၊ အဲ့ဒီအပြင် အိမ်မွေးတိရစ္ဆာန်တွေ ၊ လယ်ယာလုပ်ငန်းသုံး ကျွဲနွားတွေ ၊ ထွန်းစက်တွေ ၊ ကားတွေနဲ့ ဆိုင်ကယ်တွေလည်း မီးလောင်ဆုံးရှုံးရတယ် “လို့ ပြောပါတယ်။

အဲ့ဒီ မီးလောင်မှုဖြစ်စဥ်တွေကြောင့် မီးဘေးဒုက္ခသည် အိမ်ထောင်စု ၂၅၀၀၀ အထက်မှာ ရှိနေပြီး မီးဘေးဒုက္ခသည် လူဦးရေ အရေအတွက်ဟာ တစ်သိန်းနီးပါးရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ မီးလောင်မှုဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း အစိုးရရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပြီးခဲ့တဲ့ ၂၀၂၂ ထဲမှာ စစ်ကိုင်းတိုင်းထဲက ကျေးရွာတချို့ဘက်ကို နယ်မြေရှင်းလင်းရေး လုပ်တဲ့အခါ ၊ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာရှိတယ် ၊ အဲ့ဒီလို မီးရှို့ခံရတဲ့ ဖြစ်စဥ်ပေါင်း ၈၀ ကျော်ရှိတယ် ၊ ကျေးရွာပေါင်း တစ်ရာကျော်နဲ့ လူနေအိမ် တစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံရတယ် ၊ အဲ့ဒီ မီးဘေးဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေးကိစ္စမှာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ငွေကျပ် ၁၅၇ ၉၆၄ သန်း ၊ တိုင်းဒေသကြီးအစိုးရက ငွေကျပ် ၁၉၀ ၉၆၄ သန်း ၊ နှစ်ရပ်ပေါင်း ငွေကျပ် ၃၄၈ ၉၄၈ သန်းနဲ့ ကူညီဆောင်ရွက်ထားပေးတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ကနေ ၂၀၂၂ အောက်တိုဘာလအထိ မြန်မာနိုင်ငံအတွင်းက မြို့နယ်ပေါင်း ၈၁ ခုမှာ ဘာသာရေး အဆောက်အဦတွေ အပါအဝင် လူနေအိမ် ၃၈၅၆၈ လုံး မီးရှို့ဖျက်ဆီးခံရပြီး ၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နဲ့ မကွေးတိုင်း ၊ မြိုင်မြို့နယ်တွေမှာ အဆောက်အဦပေါင်း ၆၅၉၉ မီးရှို့ဖျက်ဆီးခံရတယ်လို့ Institute for Strategy and Policy – Myanmar (ISP) ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #၂၀၂၂ #မီးရှို့ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW