ဧရာဝတီတိုင်းမှာ (၁)နှစ်အတွင်း ဗုံးကွဲ၊ ပစ်ခတ်မှုတွေကြောင့် ဌာနဆိုင်ရာဝန်ထမ်းအပါအဝင် လူ ၁၀၀ နီးပါး သေဆုံးခဲ့

ဇန်နဝါရီ ၊ ၃-၂၀၂၃
MM(VOM)

ဧရာဝတီတိုင်းမှာ ၂၀၂၂ခုနှစ် အတွင်း ဗုံးကွဲ၊ ပစ်ခတ်မှုတွေကြောင့် ဌာနဆိုင်ရာဝန်ထမ်း အပါအဝင် လူအယောက် ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့ပရဟိတအသင်းတွေဆီကနေ သိရပါတယ်။

အဲ့ဒီလို သေဆုံးသွားတဲ့သူတွေအထဲမှာ နစက လက်ထက် ခန့်အပ်ထားတဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး အယောက် ၅၀ ထက်မနည်းပါဝင်တယ်လို့သိရပါတယ်။

”တနှစ်အတွင်းမှာ လူအယောက် ၁၀၀ လောက် အသတ်ခံရတာ ၊ အသတ်ခံရတဲ့အထဲမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ပါတယ် ၊ အယောက် ၅၀ အကျော်မှာပဲရှိတယ် ၊ အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာအများဆုံးပဲ ၊ အုပ်ချုပ်ရေးမှူးတွေက အလုပ်ကိစ္စနဲ့ အပြင်ထွက်တဲ့အချိန် သေနတ်နဲ့ ပစ်သတ်ခံရတာများတယ် ၊ နစက လက်ထက်မှာ ခန့်အပ်ထားတဲ့ အုပ်ကြီးတွေ အသတ်ခံရတာ၊ ဒလန်ဆိုပြီး အသတ်ခံရတဲ့ အရပ်သားတွေလည်း အယောက် ၅၀ ထက်မနည်း အသတ်ခံခဲ့ရတာ။”လို့ ဧရာဝတီတိုင်းမှ လူမှုကူညီရေးအဖွဲ့ဝင်တယောက်က VOM ကိုပြောပါတယ် ။

ဗုံးကွဲ၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးသူတွေကတော့ ရေကြည် ၊ ကြံခင်း ၊ မအူပင် ၊ ဖျာပုံ ၊ ပန်းတနော် ၊ ဝါးခယ်မ ၊ မော်လမြိုင်ကျွန်း ၊ ဘိုကလေး ၊ ဒေးဒရဲ ၊ ဟင်္သာတ ၊ ကျုံပျော် ၊ လပွတ္တာ ၊ ပုသိမ် ၊ စတဲ့ မြို့တွေထဲမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသမီး ဝန်ထမ်း
အယောက် ၃၀ ထက်မနည်းလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

”၂၀၂၂ခုနှစ် နှစ်စပိုင်းနဲ့ နှစ်လယ်ပိုင်းကဆို ဧရာဝတီတိုင်းမှာ နေ့တိုင်း သေနတ်နဲ့ အနီးကပ် ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေ အများဆုံးဖြစ်ခဲ့တာ ၊ ဧရာဝတီတိုင်းက လူ့အသက်တွေ တော်တော်ပေါနေတယ်လို့ပြောရမယ် ၊ ဒလန်ဆိုပြီး အရပ်သားတွေ အသတ်ခံရတာတွေလည်းရှိတယ် ၊ ဝန်ထမ်း အမျိုးသမီးတွေလည်း မနည်းသေဆုံးခဲ့ရတယ် ၊ကျိုက်လတ်က ထွေ/အုပ်ဝန်ထမ်း အမျိုးသမီးတယောက်ဆို ရုံးဆင်းလို့ ဗိုက်ဆာတယ်ဆိုပြီး စားသောက်ဆိုင်မှာ ထိုင်စားနေချိန် ပစ်သတ်ခံခဲ့ရတာ ၊ နေရာမှာ တစ်ခါထဲသေသွားတာ ၊အဲ့ဒီဖြစ်စဉ်က နှစ်ကုန်ပိုင်းမှာဖြစ်ခဲ့တာ။”လို့ ကျိုက်လတ်မြို့က ပရဟိတ အဖွဲ့ဝင် တယောက်ကVOMကိုပြောပါတယ်။

ဧရာဝတီတိုင်းမှာ တနှစ်အတွင်း အဲ့ဒီဖြစ်စဉ်တွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရတဲ့သူတွေရှိသလို နှစ်ကုန်သွားတဲ့အထိ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းက သတ်ဖြတ်မှန်းမသိဘဲ သေဆုံးခဲ့ရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် တနှစ်အတွင်း ဗုံးကွဲ၊ ပစ်ခတ်မှုဖြစ်စဉ်တွေမှာ အသတ်မသေဘဲ ဒဏ်ရာရလို့ ဆေးရုံတက် ဆေးကုသမှုခံယူရတဲ့ လူအယောက် ၄၀ ထက်မနည်းရှိခဲ့တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #၂၀၂၂ #ပစ်ခတ်ပေါက်ကွဲမှု #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW