ရန်ကုန်တက္ကသိုလ်က ဒေါက်တာအာကာမိုးသူ၊ ကိုအောင်ဖုန်းမော်နဲ့ ကိုလေပြေစိုးမိုးတို့ ပြန်လွတ်လာ

ဇန်နဝါရီ ၄ – ၂၀၂၃
SN (VOM)

တက္ကသိုလ်ဆရာများသမဂ္ဂ (UTA) တည်ထောင်သူ ဒေါက်တာအာကာမိုးသူ၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ကိုအောင်ဖုန်းမော်နဲ့ ကိုလေပြေစိုးမိုးတို့ ဒီနေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ အင်းစိန်ထောင်ကနေ လွတ်ငြိမ်းနဲ့ ပြန်လည် လွတ်‌မြောက်လာတယ်လို့ သိရပါတယ်။

အထိမ်းအမှတ်နေ့တွေမှာ အကျဉ်းသားတွေ ပြန်လွှတ်ပေးလေ့ရှိတဲ့ အစဉ်အလာအတိုင်း ဒီနေ့ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှာလည်း နိုင်ငံတဝန်းအကျဉ်းထောင်တွေကနေ အကျဉ်းသား ၇၀၁၂ ဦး လွှတ်ပေးခဲ့တယ်လို့ နစက က ကြေညာထားပါတယ်။

ဒေါက်တာအာကာမိုးသူကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်နေ့က ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) အနီးမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ၂ နှစ်နီးပါး အကျဥ်းချခံရပြီးနောက် ပြန်လည် လွတ်မြောက်လာတာ ဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်တဲ့ သတင်းတွေအရ သိရပါတယ်။

“ဆရာ အိမ်ပြန်ရောက်ပါပြီ။ ဆရာ့ချစ်ဇနီးတော့ ဘယ်လိုခံစားရမယ်မသိဘူး။ ကိုယ်ကတော့ ဝမ်းသာမျက်ရည် ဖြေမဆည်နိုင်ဖြစ်ရပါတယ်” လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုအောင်ဖုန်းမော်နဲ့ ကိုလေပြေစိုးမိုးတို့လည်း ဒီကနေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဗကသများအဖွဲ့ချုပ် သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့က တာမွေမြို့နယ်မှာ GSC သပိတ်စစ်ကြောင်းကို ဖြိုခွဲစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ၂ နှစ်နီးပါးအကြာမှာ အခုလို ပြန်လည် လွတ်မြောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW