မနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သတင်းထောက် ၅ ယောက်ပြန်လွတ်လာ

ဇန်နဝါရီ ၅ -၂၀၂၃
GG (VOM)

မနေ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့အထဲမှာ သတင်းထောက် ၅ ယောက်လည်း ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

လက်ရှိအထိ သိရတဲ့စာရင်းအရ VOM သတင်းဌာနက သတင်းထောက် ကိုပြည့်ဖြိုးအောင်အပါအဝင် ပြည်မြို့က အလွတ်တန်း သတင်းထောက် ကိုရဲထွန်းဦး (ခေါ်) မောင်ကောင်း၊ ရန်ကုန်က အလွတ်တန်းသတင်းထောက် အလှလေးသူဇာ (ခေါ် ) သူဇာ ၊ 7 day news သတင်းထောက် ကိုစိုင်းကိုကိုထွန်း၊ ရွှေဖီမြေကရုပ်သံသတင်းထောက် မလွေးအယ်ဖောင်း တို့ဖြစ်တယ်လို့ သိရပါတယ်။

” အခုလိုပြန်လွတ်လာတာ အရမ်းဝမ်းသာတယ်။မဟုတ်ရင် သူထောင်ကျသွားတဲ့ရက်ကတည်းက သူ့အတွက်စိတ်ပူရတယ်။အပြင်ကလူတွေစားဝတ်နေရေးထက် သူ့ကိုပိုပူရတယ်ပေါ့။ကိုယ်စားဖို့ထက် သူအထဲမှာအဆင်ပြေဖို့ကို ရှာဖွေရတာ စိတ်ပိုပင်ပန်းရတယ်။ အခုတော့ စိတ်အေးသွားပါပြီ။ ” လို့ သတင်းထောက်တယောက်ရဲ့မိသားစုဝင်ကပြောပါတယ်။

ပြန်လွတ်လာတဲ့ သတင်းထောက် ၅ ယောက်လုံးဟာ ၂၀၂၁ ခုနှစ်ထဲမှာ ဖမ်းဆီးခံရပြီး နိုင်ငံတော်ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ ကနဲ့ အမှုဖွင့်စွဲဆိုခံရပြီးနောက် ထောင်ဒဏ်အသီးသီးအမိန့်ချမှတ်ခံခဲ့ရသူတွေဖြစ်ပါတယ်။

မနေ့က ဇန်နဝါရီ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ နစကက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဥ်းသူ အကျဥ်းသားပေါင်း ၇၀၁၂ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်ကစပြီး တစ်နှစ်ကျော်ကာလအတွင်းမှာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတဲ့သတင်းသမားပေါင်း ၁၀၀ကျော်ရှိခဲ့ပြီး အဲ့ဒီ ထဲကနေ အရင်ကလည်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ သတင်းသမားတွေရှိခဲ့ပါတယ်။

လက်ရှိ အကျဥ်းထောင်တွေထဲမှာ ပြစ်ဒဏ်ကျခံနေရဆဲ သတင်းသမားတွေလည်း ကျန်ရှိနေသေးတာကြောင့် ဖမ်းဆီးခံသတင်းသမားတွေကို ဆက်လက်ပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့အတွက်ကိုလည်း သတင်းမီဒီယာအသိုင်းအဝိုင်းက တောင်းဆိုနေကြတာရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သတင်းသမားငါးဦး #လွတ်ငြိမ်းခွင့်ရ

Related posts

Leave a Comment

VOM News

FREE
VIEW