စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ ၁ နှစ်အတွင်း ဓားပြတိုက်ခံရတဲ့ ဖြစ်စဥ်ပေါင်း တစ်ရာကျော် ဖြစ်ပွား

ဇန်နဝါရီ ၊ ၆ ၊ ၂၀၂၃
SP(VOM)

စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၂ ဇန်နဝါရီကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ဓားပြတိုက်ခံရတဲ့ ဖြစ်စဥ်ပေါင်း တစ်ရာကျော် ဖြစ်ပွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

” ဓားပြတိုက် လုယက်ခံရတာက မြို့ပေါ်မှာ ရွှေဆိုင်တွေပါဝင်သလို ၊ လမ်းဘေး စက်သုံးဆီအရောင်းဆိုင် ၊ တိုလ်းဂိတ် ၊ လူနေအိမ်တွေ ၊ ဖုန်းအရောင်းဆိုင်တွေနဲ့ သွားလာနေတဲ့ ကားတွေဖြစ်တယ်”လို့ မှုခင်းဆိုင်ရာ စောင့်ကြည့်လေ့လာသူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၂ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ဘုရားကြီးရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ မြို့လယ် မီးပွိုင့်နားက သိန်းတစ်ရာ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ ၁၀ ပိသာကျော် ပါသွားခဲ့တဲ့အပြင် မုံရွာမြို့ပေါ်က လူနေအိမ်တချို့နဲ့ ဖုန်းအရောင်းဆိုင် ၊ ကုန်စုံဆိုင်တွေလည်း ဓားပြတိုက်ခံရတာ ဖြစ်ပွားခဲ့ပါတယ်။

” ရွှေဘို မြစ်ကြီးနား ကားလမ့်းမှာ ဆီဘောက်ဆာကား ဓားပြတိုက် လုယက်ခံရတာ ၃ ကြိမ် ၊ အိမ်စီးကား ဓားပြတိုက်ခံရတာက ၂ ကြိမ် ၊ တန့်ဆည် ကလေးဝ ကားလမ်းမှာ ကုန်စည်ပို့ဆောင်ရေးကား ဓားပြတိုက်ခံရတာ ၁၁ ကြိမ် ၊ ဆီးကားတိုက်ခံရတာ ၄ ကြိမ် ၊ ရွှေဘို စစ်ကိုင်းလမ်းမှာ စက်သုံးဆီဆိုင် ဓားပြတိုက်ခံရတာ ၄ ကြိမ် ၊ ကားတွေတိုက်ခံရတာ ၂ ကြိမ် ၊ ကားလုယက်ခံရတာ ၁၄ ကြိမ် ၊ မုံရွာ မန္တလေး ကားလမ်းမှာ ကား လုယက်မှု ၉ ကြိမ် ၊ ကားဓားပြတိုက်ခံရတာ ၇ ကြိမ် ၊ မုံရွာမြို့ပေါ်မှာ ရွှေဆိုင် ဓားပြတိုက်ခံရတာ ၃ ကြိမ် ၊ ဂိမ်းဆိုင် ၁ ကြိမ် ၊ အလုံ နန်းဦး စားသောက်ဆိုင် ၁ ကြိမ် ၊ လူနေအိမ်နဲ့ ဖုန်းဆိုင် ၉ ကြိမ် ၊ အင်းတော်မြို့မှာ ရွှေဆိုင် တိုက်ခံရတာ ၁ ကြိမ် ၊ လုယက်ခံရတာ ၄ ကြိမ် ၊ ဝန်းသိုမြို့မှာ ရွှေဆိုင်တိုက်ခံရတာ ၁ ကြိမ် ၊ လုယက်ခံရတာ ၄ ကြိမ် ၊ ရွှေဘိုမြို့မှာ နေအိမ် ဓားပြတိုက်ခံရတာ ၁ ကြိမ် ၊ လုယက်ခံရတာ ၁၁ ကြိမ် ၊ မြင်းမူမြို့မှာ ကားလုယူခံရတာ ၄ ကြိမ် ၊ ဆားလင်းကြီးမြို့နယ်မှာ ဓားပြတိုက်မှု ၁၂ ကြိမ် ၊ ယင်းမာပင်မြို့မှာ ၄ ကြိမ် ၊ ပုလဲမြို့နယ်မှာ ၆ ကြိမ် နဲ့ ဒီပဲယင်းမြို့နယ်နဲ့ ရေဦးမြို့နယ်တွေမှာ ကားလုယူခံရမှု ၁၄ ကြိမ် ဖြစ်ပွားခဲ့တယ် ၊ စစ်ကိုင်းမြို့နယ်ထဲမှာ ဘုန်းကြီးကျောင်း ဓားပြတိုက်ခံရတာ ၂ ကြိမ်ဖြစ်တယ် ၊ အဲ့ဒါ လက်လှမ်းမီသလောက် သိရတဲ့ အရေအတွက်ဖြစ်တယ် ၊ မြေပြင် ဖြစ်စဥ်က ဒီထက်များတယ် “လို့ စစ်ကိုင်းတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲ့ဒီ ဓားပြတိုက် လုယက်မှုဖြစ်စဥ်တွေမှာ ဘုန်းကြီးကျောင်းတွေလည်း အတိုက်ခံရပြီး ပိုက်ဆံနဲ့ ကားလုယူခံရတာတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ဓားပြတိုက်ခံရချိန်မှာ ဓားပြတွေက သတ်ဖြတ်လို့ အိမ်ရှင် မိသားစုဝင်တွေ သေဆုံးရတာ လူ ၂၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #၂၀၂၂ #ဓားပြတိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW