တရုတ်-မြန်မာ နယ်စပ်လမ်းကြောင်း သုံးခု ပြန်ဖွင့်မယ်လို့ တရုတ်သံရုံးက သတင်းထုတ်ပြန်

ဇန်နဝါရီ ၇၊ ၂၀၂၃
Shy V (VOM)

မူဆယ်ရှိ တရုတ်-မြန်မာ နယ်စပ်လမ်းကြောင်း သုံးခုဖြစ်တဲ့ မန့်ဝိန်း ကုန်သွယ်ရေးဂိတ်၊ နန်းတော် လူဝင်၊ လူထွက်ဂိတ်၊ ဆင်ဖြူ တရုတ်-မြန်မာ ဈေးဂိတ်တွေကို ပြန်လည် ဖွင့်လှစ်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးက ဇန်နဝါရီ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်ဘက်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ကစ တရုတ်-မြန်မာ နယ်စပ်လမ်းကြောင်း ရွှေလီနယ်စပ် ကျယ်ဂေါင်နန်းတော်ဂိတ်၊ မန့်ဝိန်းကုန်သွယ်ရေးဂိတ်၊ ဆင်ဖြူဂိတ် စတဲ့သုံးခုမှာ လူ၊ ကုန်ပစ္စည်း ဖြတ်သန်းသွားလာမှုကို ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီနယ်စပ်လမ်းကြောင်း သုံးခု ပြန်လည်ဖွင့်လှစ်ပါက နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေအတွက် ပိုမို လွယ်ကူ အဆင်ပြေလာမယ်လို့ သွင်းကုန် လုပ်ငန်းရှင် တဦးက ပြောပါတယ်။

“ကျယ်ဂေါင် ဖွင့်လိုက်ပြီဆိုလို့ရှိရင် ကယ်ရီတွေလည်း အများကြီး သွားကြမယ်။ ဂျူတီလည်း အထိုက် အလျောက် လမ်းကြောင်း ချောင်သွားမယ်ပေါ့ကွာ။” လို့ သူက ပြောပါတယ်။

ပြည်ဝင်ပြည်ထွက် ကုန်တင်ယာဉ်တွေနဲ့ ယာဉ်မောင်းတွေက မန့်ဝိန်း ကုန်သွယ်ရာ ဂိတ်လမ်းကြောင်းကနေ ဝင်ထွက်ရမှာဖြစ်ပြီး မြန်မာစံတော်ချိန် မနက် ၆ နာရီခွဲ ကနေ ည ၉နာရီခွဲ၊ ပေကျင်းစံတော်ချိန် ၈ နာရီကနေ ၂၃ နာရီ အထိ သတ်မှတ်ထားတယ်လို့ အဲဒီ သတင်းထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

အစိုးရဝန်ထမ်းနဲ့အတူ လိုက်ပါတဲ့ယာဉ်တွေက နန်းတော်ဂိတ် လမ်းကြောင်းကနေ ဝင်ထွက်ရမှာဖြစ်ပြီး မြန်မာစံတော်ချိန် မနက် ၆ နာရီခွဲ ကနေ ည ၈ နာရီအထိ၊ ပေကျင်းစံတော်ချိန် ၈ နာရီကနေ ၂၁:၃၀ အထိ သတ်မှတ်ထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် အခြား လူပုဂ္ဂိုလ်နဲ့ အသေးစား အိမ်စီးကား၊ နှစ်ဘီးဆိုင်ကယ်၊ အီလက်ထရောနစ်ဆိုင်ကယ်တွေကတော့ တရုတ်-မြန်မာဈေးလမ်းကြောင်းကနေ ဝင်ထွက်ရမှာဖြစ်ပြီး နှစ်နိုင်ငံ ဝင်/ထွက်ချိန် မြန်မာစံတော်ချိန် မနက် ၆ နာရီခွဲ ကနေ ည ၈ နာရီအထိ၊ ပေကျင်းစံတော်ချိန် ၈ နာရီကနေ ၂၁:၃၀ အထိ ခွင့်ပြုကြောင်း ဖော်ပြထားပါတယ်။

တရုတ်-မြန်မာ စီးပွားရေး၊ ကုန်သွယ်ရေးဆက်ဆံမှု၊ ပြည်သူ လူနေမှုဘဝ အကျိုးစီးပွား ပိုမိုကောင်းမွန်ရန်၊ နှစ်နိုင်ငံနယ်စပ်ဒေသ ရင်းနှီးစွာ ကူးလူးဆက်ဆံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ဖွင့်လှစ်ရတာ ဖြစ်ကြောင်းနဲ့ လက်ရှိ တရုတ်နိုင်ငံ ရွှေလီနယ်စပ်ဂိတ် စီမံအုပ်ချုပ်ရေးဌာနကတော့ နှစ်ဖက်လူသွားလာမှု၊ ကုန်ပစ္စည်းဖြတ်သန်းမှု ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင် ဆောင်ရွက်နေကြောင်းလည်း ဖော်ပြထားပါတယ်။

နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့နဲ့ ပတ်သက်ပြီး မြန်မာဘက် နယ်စပ်တာဝန်ရှိသူတွေကို တရုတ်ဘက်နယ်စပ် တာဝန်ရှိသူတွေက ကမ်းလှမ်းလာတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့မှာ နှစ်နိုင်ငံ နယ်စပ်တာတန်ရှိသူတွေ ဆွေးနွေးခဲ့တာရှိခဲ့ပေမယ့် မြန်မာဘက်ကတော့ နယ်စပ်ဂိတ်တွေက နိုင်ငံတော်အဆင့် သတ်မှတ်ထားတဲ့ ဂိတ်တွေ ဖြစ်တာကြောင့် နှစ်နိုင်ငံ သံတမန်လမ်းကြောင်းနဲ့သာ ဆက်သွယ် ဆောင်ရွက်ဖို့ပြောခဲ့တယ်လို့ နယ်စပ် ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။

နယ်စပ်ကုန်သည် လုပ်ငန်းရှင် တဦးကတော့ နှစ်နိုင်ငံ နယ်စပ် ပြည်သူတွေ အပါအဝင် ကုန်သည် လုပ်ငန်းရှင် တချို့က ‌အဲဒီ နယ်စပ် လမ်းကြောင်းသုံးခုကို အမြန်ဆုံး ဖွင့်စေချင်ပေမယ့် ကျင်စန်းကျော့ – ဝမ်တိန် လမ်းကြောင်းမှာ ကိုဗစ်ကာလက ကိုဗစ်နဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းရှင် တချို့က မဖွင့်စေချင်ဘူးလို့ ပြောပါတယ်။

တရုတ်နိုင်ငံထဲ လတ်တလော ကိုဗစ် ဖြစ်ပွားမှု များနေတာကြောင့် ရောဂါကူးစက်မှု ဖြစ်လာမှာ စိုးရိမ်ရကြောင်း ပို့ကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ဖွင့်တာလည်း သူတို့။ ပိတ်တာလည်း သူတို့။ တဖက်သတ်ကြီးပဲ။ နှစ်နိုင်ငံ ကောင်းကောင်းမွန်မွန် ဆွေးနွေးပေါ့နော်။ သူတို့လည်း ရောဂါ ဖြစ်နေတာလေ။ အမှန်တကယ်တော့ ပိတ်ရတယ်။ ငါတို့လည်း ပြန်ပိတ်လိုက်ပေါ့ တခေါက်။”လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံမှာ ကိုဗစ် zero မူဝါဒကို ဖြေလျှော့ပေးတဲ့အနေနဲ့ တင်းကြပ်တဲ့ ကိုဗစ် ကန့်သတ်ချက်တွေကို ဖြေလျှော့လိုက်ပြီးနောက် တရုတ်နိုင်ငံထဲမှာ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။

ဥရောပသမဂ္ဂ (အီးယူ)အဖွဲ့၀င်နိုင်ငံတွေအားလုံးအနေနဲ့ တရုတ်နိုင်ငံမှ ခရီးသွားတွေကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုရှိမရှိ စမ်းသပ်စစ်ဆေးမှု သေချာစွာပြုလုပ်ကြဖို့ ဥရောပသမဂ္ဂ တာ၀န်ရှိသူတွေက ဇန်နဝါရီ ၄ ရက်မှာ တိုက်တွန်းထားတာလည်း ရှိပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #မူဆယ် #နယ်စပ်ဂိတ်သုံးခုဖွင့်မယ် #တရုတ်သတင်းထုတ်ပြန်

Related posts

Leave a Comment

VOM News

FREE
VIEW