၂၀၂၂ခုနှစ်အတွင်း နိုင်ငံသားအထောက်အထားမဲ့ ၂၀၀၀ နီးပါး ဖမ်းမိ၊ ၄၀၀ ကျော် ထောင်ဒဏ်ချမှတ်ခံထားရ

ဇန်နဝါရီ ၇-၂၀၂၃
MM(VOM)

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ နိုင်ငံသားအထောက်အထားမဲ့သူ ၁၉၉၆ ယောက်အထိ ဖမ်းမိခဲ့ပြီး အထောက်အထားမဲ့သူ ၄၀၄ ယောက်ကို ထောင်ဒဏ်တွေချမှတ်ထားတယ်လို့ သက်ဆိုင်ရာတိုင်းဒေသကြီး နဲ့ ပြည်နယ်တွေကထုတ်ပြန်တဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ခိုးဝင်လာတဲ့အခါ အကြောင်းအမျိုးအမျိုးနဲ့ သေဆုံးရသူ အယောက် ၃၀ ကျော်လောက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

”အထောက်အထားမဲ့သူတွေကို အများဆုံး ဖမ်းမိတာက ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်ကဖြစ်တယ်၊ သေဆုံးရတဲ့ ဖြစ်စဉ်တွေကတော့ ပင်လယ်ပြင်မှာ ရက်ရှည် စက်လှေပျက် မျောပါလာပြီး ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှာ ဖမ်းမိခဲ့တဲ့ဖြစ်စဉ်၊ ရန်ကုန်တိုင်း လှည့်ကူးမြို့နယ်မှ အစုလိုက် သေဆုံးနေတဲ့ရုပ်အလောင်း တွေတွေ့ရတဲ့ဖြစ်စဉ်နဲ့ ရခိုင်ပြည်နယ်ကနေ အထွက်လမ်းမှာ သေဆုံးရသူတွေလည်းရှိခဲ့တယ်၊ သေဆုံးသူတွေထဲမှာ အမျိုးသားတွေကပိုများတယ်။”လို့သက်ဆိုင်ရာနဲ့ နီးစပ်ပြီး အထောက်အထားမဲ့သူတွေကို ကူညီပေးနေတဲ့အဖွဲ့အစည်းတခုက တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဲ့ဒီ ဖမ်းဆီးရမိထားတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၂၀၀၀ နီးပါးထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် အယောက် ၃၀၀ ကျော် ၊ အမျိုးသား အယောက် ၁၀၀၀ ကျော်နဲ့ ကျန်တဲ့ အယောက် ၆၀၀ ကျော်ဟာ အမျိုးသမီးတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံသား အထောက်အထားမဲ့တွေထဲက လ.ဝ.က ဥပဒေနဲ့ ထောင်ချခံထားရတဲ့ အသက် ၁၈ နှစ်အောက်တွေကိုတော့ ရန်ကုန်တိုင်း ငှက်အော်စမ်လူငယ်ထိန်းသိန်း ရေးစခန်းမှာအများဆုံး ထားတယ်လို့ ဧရာဝတီတိုင်းက အထောက်အထားမဲ့သူတွေကို ကူညီပေးနေသူ တယောက် ကပြောပါတယ်။

”နိုင်ငံသား အထောက်အထားမဲ့သူတွေကို လဝက ဥပဒေနဲ့ အရေးယူထောင်ချခံရတာများပါတယ် ၊ ထောင်ချခံရတဲ့ အထောက်အထားမဲ့သူတွေထဲကနေ အသက် ၁၈ နှစ်နဲ့အောက်တွေကို ထိန်းသိန်းရေးစခန်း ငှက်အော်စမ်းမှာ ထားတယ်လို့ သိရတယ် ၊ ထောင်ဒဏ်တွေက အမြင်ဆုံး ၅ နှစ်ကနေ ၂ အထိချမှတ်ခံထားရတာ။”လို့ သူက ဆက်ပြောပါတယ် ။

ဖမ်းမိထားတဲ့ အထောက်အထားမဲ့သူတွေဟာ ရခိုင် ပြည်နယ်ကနေ ရန်ကုန်ကို အများဆုံး ထွက်လာတာ ဖြစ်ပြီး ရန်ကုန်ကနေ တဆင့်မလေးရှားနိုင်ငံကိုသွားဖို့အတွက် ထွက်လာရင်း ဖမ်းဆီးခံရတာတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အထောက်အထားမဲ့သူတွေကို အခကြေးငွေယူပြီး ရန်ကုန်ဘက်ကို တရားမဝင် သိုဝှက်သယ်ယူပို့ဆောင်နေတဲ့ အမျိုးသား ၁၂ ယောက်ကိုလည်း သက်ဆိုင်ရာက ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ဖမ်းမိခဲ့ပြီး သွားဖမ်းတဲ့အချိန် ထွက်ပြေးတဲ့ ကားသမားတွေ ၊ ပွဲစားတွေ ၊ စက်လှေ အငှားလိုက်တွေ အယောက် ၁၀၀ ထက်မနည်းရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်ကလည်း မြန်မာနိုင်ငံက တိုင်းနဲ့ ပြည်တွေမှာ နိုင်ငံသား အထောက်အထားမဲ့သူ ၁၃၄၅ အယောက် ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၂၂၁ အယောက်မှာ လ.ဝ.က ဥပဒေနဲ့ ထောင်ဒဏ် ၂နှစ်ကနေ ၅ နှစ်အထိ ချမှတ်ခံထားရတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #နိုင်ငံသားအထောက်အထားမဲ့ #၂၀၂၂ခုနှစ် #ဖမ်းဆီးရရှိမှု

Related posts

Leave a Comment

VOM News

FREE
VIEW