မူဆယ်-ရွှေလီ နယ်စပ်ဂိတ်(၃)ခု မဖွင့်ဖြစ်သေး

ဇန်နဝါရီ ၈၊ ၂၀၂၃
Shy V (VOM)

တရုတ်-မြန်မာ ၊ မူဆယ်-ရွှေလီ နယ်စပ်ဂိတ် ၃ ခုဟာ ဒီနေ့ ဇန်နဝါရီ ၈ရက်မှာ ပြန်ဖွင့်မယ်လို့ ကြေညာထားပေမယ့် လက်ရှိမှာ မဖွင့်ဖြစ်သေးဘူးလို့ နယ်စပ်ဒေသခံတွေနဲ့ ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဂိတ် သုံးခု မဖွင့်ဖြစ်ဘူးလို့သိရတယ်၊ လက်ရှိ အခြေအနေမှာတော့ တရုတ်ဘက်ကဖွင့်လှစ်ပေမယ့် မြန်မာဘက်က မဖွင့်သေးတာကို တွေ့ရပါတယ်။

တရုတ်ဘက်က ဂိတ်ပေါက်ဝ အထိ လာရောက်သူတွေ အများအပြား ရှိနေပြီး မြန်မာဘက်ကလည်း ဂိတ်ပေါက်ဝအထိ လာရောက်ကာ ဂိတ်ဖွင့်၊မဖွင့်နဲ့ ပတ်သက်ပြီး သတင်း လာရောက် အတည်ပြုနေသူတွေ အများအပြားတွေ့ခဲ့ရသလို တဖက်နဲ့ တဖက် အသိတွေ လှမ်းစကားပြောနှုတ်ဆက်နေတာတွေကိုလည်း တွေ့ရပေမယ့် ဝင်၊ ထွက်သွားလာတာတွေ တယောက်မှ မရှိသေးဘူးလို့ သိရပါတယ်။

တရုတ်ဘက်က နယ်စပ်တာဝန်ရှိသူတွေက မြန်မာဘက်နယ်စပ် တာဝန် ရှိသူတွေဘက် မူဆယ်နဲ့ ရွှေလီ နယ်စပ်ဖြစ်တဲ့ မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်တွေ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကမ်းလှမ်းလာတာကြောင့် အခုလ ဇန်နဝါရီ ၃ ရက်နေ့က နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေကပြောပါတယ်။

အဲဒီ နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးတဲ့ အစည်းအဝေးမှာ နယ်စပ်ဂိတ် သုံးခု ဖွင့်လှစ်ဖို့နဲ့ ပတ်သက်ပြီး နိုင်ငံတော်အဆင့်သတ်မှတ်ထားတဲ့ ဂိတ်တွေ ဖြစ်တာကြောင့် သံတမန်လမ်းကြောင်းနဲ့သာ ဆောင်ရွက်ဖို့ မြန်မာဘက်က နယ်စပ်တာဝန်ရှိသူတွေအနေနဲ့ မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။

မြန်မာဘက်ကတော့ မူဆယ်-ရွှေလီ နယ်စပ်ဂိတ် သုံးခု ပြန်လည်ဖွင့်လှစ်တာနဲ့ ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပြန်တာမရှိသေးသလို မြန်မာဘက်ခြမ်းကလည်း မဖွင့်သေးပါဘူး။

မြန်မာနိုင်ငံအခြေစိုက် တရုတ်သံရုံးကနေတော့ ဇန်နဝါရီ ၈ ရက်နေ့ကစ နှစ်နိုင်ငံ ကုန်သွယ်ရာ မန့်ဝန်းဂိတ်၊ နှစ်နိုင်ငံ လူဝင်၊ လူထွက်ဖြစ်တဲ့ နန်းတော်ဂိတ်၊ နှစ်နိုင်ငံ အဝင်၊ အထွက် ဈေးဂိတ် ဖြစ်တဲ့ ဆင်ဖြူဂိတ်တွေကို ဖွင့်လှစ်ပြီ ဖြစ်တယ်လို့ သတင်းထုတ် ထားတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #နယ်စပ်ဂိတ် #ပြန်မဖွင့်သေး

Related posts

Leave a Comment

VOM News

FREE
VIEW