ထိုင်၀မ်ကျွန်းအနီးမှာ စစ်လေယာဉ်အစင်း ၅၀ ကျော်နဲ့ တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်ပြန်

တိုင်ပေ၊ ဇန်နဝါရီ-၉-၂၀၂၃
မျိုးဆက်(VOM)

ထိုင်၀မ်ကျွန်းအနီးတဝိုက်မှာ တရုတ်စစ်တပ်က ဇန်နဝါရီ ၈ ရက်မှာ စစ်ရေးလေ့ကျင့်ခဲ့ပြီး ကျွန်းအနီး၀န်းကျင်မှာ ဇန်နဝါရီ ၉ ရက်ထိ တရုတ်စစ်လေယာဉ်ဒါဇင်ပေါင်းများစွာကို တွေ့ရှိခဲ့တယ်လို့ ထိုင်၀မ်စစ်ဘက်က ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုအတွင်း ပေါင်းစစ်ထားတဲ့ စစ်ဆင်ရေးဆောင်ရွက်ဖို့ တပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်ကို အကဲဖြတ်ခဲ့ပြီး မြေပြင်နဲ့ ပင်လယ်ပြင်ရှိ ရန်သူတွေအပေါ် တိုက်ခိုက်ခြင်းကို အဓိကလုပ်ဆောင်ခဲ့တယ်လို့ တရုတ်အရှေ့ပိုင်း စစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီကနေ ဒီနေ့မနက် ၆ နာရီထိ ကျွန်းအနီးမှာ တရုတ်စစ်လေယာဉ် ၅၇ စင်းနဲ့ စစ်ရေယာဉ်လေးစင်းကို တွေ့ရှိခဲ့ရတယ်လို့ ထိုင်၀မ်စစ်တပ်ကပြောပါတယ်။

တရုတ်စစ်လေယာဉ် ၂၈ စင်းဟာ ထိုင်၀မ်ရေလက်ကြား အလယ်မျဉ်းကိုဖြတ်ပြီး ထိုင်၀မ်လေကြောင်းရန် ကာကွယ်ရေးစိစစ်ဇုန်ကို ၀င်ရောက်ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။

အိပ်ချ် ၆ ဗုံးကြဲလေယာဉ်အပါအ၀င် စစ်လေယာဉ်အချို့ကတော့ ထိုင်၀မ်အနောက်တောင်ဘက် လေကြောင်းရန်ကာကွယ်ရေးစိစစ်ဇုန်ထဲကို ၀င်ရောက်ပြီးနောက် ထိုင်၀မ်နဲ့ ဖိလစ်ပိုင်ကြားရှိ ဘာရှီရေလက်ကြားကို ဖြတ်ပြီး အရှေ့တောင်ဘက်ကို ပျံသန်းသွားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW