ကူမဲဈေး မီးလောင်မှု ဈေးဆိုင်ခန်း ၂၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရ

ဇန်နဝါရီ ၁၁-၂၀၂၃
MM + SYO (VOM)

မန္တလေးတိုင်း ၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ၊ ကူမဲမြို့က ကူမဲဈေးမှာ မနေ့ ဇန်နဝါရီ ၁၀ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားပြီး ဈေးဆိုင်ခန်းပေါင်း ၂၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

”မီးလောင်မှုက မနေ့ ဇန်နဝါရီ ၁၀ ရက် ညနေ ၆ နာရီ ၂၀ မိနစ်ခန့်က မီးလောင်တာ၊ကူမဲဈေးရဲ့ (ခ) ရုံထဲ မီးလောင်တာပါ၊ ဆိုင်ခန်းက ၂၀ လောက်ပါသွားတယ် ၊ မီးလောင်မှုဖြစ်တဲ့အချိန် ဈေးတချို့ပိတ်နေပြီ ၊ အကုန်ပါသွားတာ ဘာမှကို ပြန်မရလိုက်ကြဘူး ၊ အချိန်တော်တော်ကြာကြာ မီးငြှိမ်းသတ်ရတာ ၊ မီးသတ်ကတော့ ဘာမှ မထုတ်ပြန်သေးပါဘူး ၊ လူတွေတော့ဘာမှ မဖြစ်ဖူး။”လို့ ကူမဲမြို့ခံပရဟိတ အဖွဲ့ဝင်တယောက် ကပြောပါတယ်။

မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတဦးက “မီးလောင်တဲ့အကြောင်းအရင်းကတော့ သေချာမပြောနိုင်သေးဘူး၊စစ်ဆေးနေဆဲပါ ၊သိန်း ၁၇၀ကျော်လောက်တော့ဆုံးရှုံးသွားမယ်လို့ ခန့်မှန်ရပါတယ်၊ အသေးစိတ်အတိအကျ‌တေ့ မပြောနိုင်သေးပါဘူး”လို့ ပြောပါတယ်။

ကူမဲဈေးက ဈေးသည်တယောက်က” ဈေးအတွင်းက အထည်ဆိုင်တစ်ခုကနေ မီးလောင်တာပါ ၊ မီးထဲပါသွားတဲ့ဆိုင်ခန်းတွေက အကြီးကြီးတွေ ၊ အထည်တွေရောင်းတဲ့ ဆိုင်ဘက်က လောင်တာဆိုတော့ မီးလောင်မှု အားကောင်းခဲ့တာ ၊ ည ၁၀ နာရီ ကျော်ကျော်လောက်မှ မီးထိန်းနိုင်တယ် ၊ မီးသတ်က ည ၈ နာရီလောက်မှရောက်လာတာ ၊အကုန်ကုန်တာပဲ ၊ ဘာတစ်ခုမှပြန်ရတာမရှိဘူး။”လို့ပြောပါတယ်။

မီးလောင်မှုကို ကျောက်ဆည်မြို့နယ် ၊ မြစ်သားမြို့နယ်၊ တံတားဦးမြို့နယ် စတဲ့ပတ်ဝန်းကျင်မြို့တွေက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံတွေ ၊ ပရဟိတအဖွဲ့တွေ လာရောက်ပူးပေါင်းမီးငြှိမ်းသတ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

အခု မီးလောင်မှုဖြစ်တဲ့ ကူမဲမြို့က ကူမဲဈေးဟာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကလည်း၊ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဈေးဆိုင်ခန်း ၂၀ လောက် မီးလောင်ဆုံးရှုံးခဲ့သေးတယ်လို့ သိရပါတယ်။

Photo Crd – CJ
#voiceofmyanmar #VOM #ကူမဲ #မြို့မစျေး #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW