ကျောက်ကြီးမှာ တံတားမိုင်းခွဲဖျက်ဆီးခံရတာကြောင့် ဒေသခံတွေသွားလာရေးအခက်အခဲဖြစ်နေ

ဇန်နဝါရီ၊၁၀-၂၀၂၂
MM(VOM)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က တံတား ၁ စင်း မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့တဲ့ အတွက် တံတားကို အသုံးပြုတဲ့ ဒေသခံတွေသွား လာရေး အခက်အခဲဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

မိုင်းခွဲဖျက်ဆီးခံရတဲ့ တံတားဟာ ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့နယ်၊ မအူဆိပ်ကျေးရွာအုပ်စု၊ ကျောက်ကြီး- မုန်းဒေသ သွားကားလမ်း ဒုံးတိုကျေးရွာရှိ မိုင်တိုင် အမှတ် ၅၆/၃ ၊ တံတားအမှတ် ၁/၅၇ ၊ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်က မိုင်းခွဲခံခဲ့ရပြီး တံတားပျက်စီးခဲ့ရတာလို့ သိရပါတယ်။

”အခု ဖျက်ဆီးခံရတဲ့ တံတားက ကျွန်တော်တို့ ဒေသ အတွက် အရမ်းကိုအရေးပါတဲ့ တံတားပါ၊ ကျောက်ကြီးမြို့ပေါ်ကို ဆန်အိတ်တွေသွားရောင်းဖို့လုပ်ထားတာ ၊တံတား ဖျက်ဆီးခံရတော့ သွားမရတော့ဘူး ၊ အလုပ်တွေအဆင်မပြေ တော်တော်ဖြစ်ကုန်တာ ၊ ကားမပြောနဲ့ ဆိုင်ကယ်တောင် သွားမရဘူး ။”လို့ ကျောက်ကြီးမြို့ခံ ကားသမားတဦးကပြောပါတယ်။

ဒေသခံတွေအတွက် အရေးပါတဲ့ တံတားမိုင်းခွဲခံရတာကို ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာမသိရပေမယ့် အများနဲ့သက်ဆိုင်တဲ့ လမ်းတွေ ၊ တံတားတွေကို မိုင်းခွဲဖျက်ဆီးတာတွေ မလုပ်စေချင်ဘူးလို့ ဒေသခံ ပရဟိတအဖွဲ့ဝင်တယောက်ကပြောပါတယ်။

”တံတားကို မိုင်းခွဲတာ ဘယ်အဖွဲ့က လုပ်တာလည်း ဆိုတာတော့ မသိဘူးပါဘူး ၊ တံတားက အခုအထိသွားလာလို့မရသေးပါဘူး ၊မနေ့ ညက အရေးပေါ်ကိစ္စရှိလို့ ခရီးသွားရမှာ အဲ့ဒီတံတားမရှိတော့ သွားမရတော့လို့ မကူညီခဲ့ရဘူး ၊ အခုလိုလုပ်တာတွေ မကောင်းဘူးလို့ ထင်တယ် ၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်ပါ ၊ အခုလို အများနဲ့ သက်ဆိုင်တဲ့ အများပြည်သူ အသုံးပြုတဲ့လမ်းတွေ ၊ တံတားတွေကိုတော့ ဖောက်ခွဲ ဖျက်ဆီးတာ မလုပ်သင့်ဖို့ပြောချင်တယ်။”လို့ သူ ကဆက်ပြောပါတယ်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်းကလည်း တံတား ၁ စင်းမှာ မိုင်းထောင်ထားတာကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တံတားအပေါ်ဖြတ်လာတဲ့ ဒေသခံ ၂ ဦးသေဆုံးခဲ့ရသေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်၊ မကျီးတုံကျေးရွာအနီး ဝက်လက်- လှတောကားလမ်း မိုင်တိုင်အမှတ် ၅ မိုင် ၄ ဖာလုံနဲ့ ၅ ဖာလုံအကြားရှိ ကွန်ကရစ်တံတားတစ်စင်း မိုင်းခွဲခံခဲ့ရသေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး #ကျောက်ကြီး #တံတားမိုင်းခွဲခံရ #သွားလာရေးခက်ခဲနေ

Related posts

Leave a Comment

VOM News

FREE
VIEW