သန်လျင်မှာ ဖမ်းမိတဲ့ အထောက်အထားမဲ့ ၇၉ ဦး ထောင်ဒဏ် ၂နှစ်စီ ချမှတ်ခံရ

ဇန်နဝါရီ၊ ၁၂-၂၀၂၃
MM(VOM)

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ ရပ်ကွက်က အိမ်တလုံးမှာ ဖမ်းဆီးခံရတဲ့ အထောက် အထားမဲ့တွေထဲက ၇၉ ယောက်ကို ထောင်ဒဏ်
၂ နှစ်စီအမိန့်ချလိုက်တယ်လို့ သိရပါတယ်။

အထောက်အထားမဲ့သူ အသက် ၁၈ နှစ်အောက် ၃၃ ယောက် အပါအဝင် အားလုံးအယောက် ၈၀ ကိုသန်လျင်မြို့ ၊မြို့ဟောင်းအရှေ့ရပ်ကွက်၊ ဘုရားနီပေ(၃၀) လမ်း၊ အမှတ် (၂၀)က အိမ်တလုံးမှာ အခုလ ဇန်နဝါရီ ၂ ရက် ည ၁၀ နာရီဝန်းကျင်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းမိခဲ့တဲ့ အထောက်အထားမဲ့ အယောက် ၈ဝ ထဲက တယောက်ဟာ ရောဂါနဲ့သေဆုံးခဲ့ရပြီး ကျန်တဲ့ ၇၉ ယောက်ကို သန်လျင်မြို့နယ် ၊တရားရုံးကနေ ဇန်နဝါရီ ၁ဝ ရက်က ထောင်ဒဏ် ၂နှစ်စီချမှတ်လိုက်တာလို့ သိရပါတယ်။

”သန်လျင်တရားရုံးက အမိန့်ချတာ ၊ လ.ဝ.က ဥပဒေနဲ့ပဲ ချတာပါ ၊ ထောင်ဒဏ် ၂ နှစ်စီချခဲ့တာ၊ အမိန့်ချခံရပြီးနောက် မနေ့က ဇန်နဝါရီ ၁၁ ရက်နေ့မှာ အသက်ပြည့်ပြီးဖြစ်တဲ့သူတွေကို အင်းစိန်ထောင်ကို ပို့လိုက်တယ် ၊ အသက် ၁၈ နှစ်အောက်တွေကို လူငယ်ထိန်းသိမ်းရေးစခန်းကိုပို့တယ်လို့ သိရတယ် ၊ အဖမ်းခံရတဲ့သူတွေထဲက တယောက်က အူအတက်ရောင်တဲ့ ရောဂါနဲ့ ဆုံးသွားတာလို့ သိရတယ် ၊ အခု ထောင်ချခံရသူတွေက ပွဲစားနဲ့ ရခိုင်ပြည်နယ်ကနေ လာတဲ့သူတွေပါ ”လို့ အထောက် အထားမဲ့ သူတွေကို ကူညီပေးနေသူတယောက်ကပြောပါတယ်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်က ဖမ်းမိခဲ့တဲ့ အသက် ၁၈ မပြည့်သေးတဲ့ ကလေး ၁၂ ယောက်အပါအဝင် စုစုပေါင်း ၁၁၂ ယောက်ကို ဘိုကလေးမြို့နယ် တရားရုံးက အခုလ ဇန်နဝါရီ ၅ ရက်ကထောင်ဒဏ် ၂ နှစ်ကနေ ၅နှစ်အထိချခဲ့တယ်လို့ သိရပါတယ် ။

ဒါ့အပြင် အမျိုးသမီး ၇ ယောက်အပါအဝင် အထောက် အထားမဲ့သူ ၂၇ ယောက်ကို အခုလ ဇန်နဝါရီ ၆ ရက်က ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ နှင်းပန်း (၁)လမ်းက အိမ်အမှတ်- ၄၅ မှာ ဖမ်းမိခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သန်လျင် #အထောက်အထားမဲ့သူတွေ #ထောင်ဒဏ်ချမှတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW