ကန့်ဘလူမြို့နယ်မှာ မိသားစုလိုက် အသတ်ခံရတဲ့ ၈ လောင်းပြိုင် လူသတ်မှု ဖြစ်ပွား

ဇန်နဝါရီ ၁၄-၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ငါးမြှောင်ကျေးရွာမှာ ဒီကနေ့ မနက်အစောပိုင်းက ၈ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

.” ဒီမနက် ၁ နာရီခွဲ ဝန်းကျင်က ဖြစ်တာပါ ၊ သေဆုံးသူတွေကတော့ ဦးကျော်လှိုင် အသက် (၆၅)နှစ်၊ ဒေါ်မြညွန့် အသက် ၇၃ နှစ်၊ မနှင်းမြလှိုင် (ဘ)ဦးကျော်လှိုင် အသက် (၄၁) နှစ်၊ မစုမြတ်စံ(ဘ) ဦးမောင်နိုင် အသက် (၁၅)နှစ်၊ ကိုမျိုးဝင်း (ဘ) ဦးသိန်းငွေ အသက် (၄၃) နှစ်၊မနှင်းမြခိုင် (ဘ) ဦးကျော်လှိုင်အသက် (၃၈)နှစ်၊ မရွှေဘုံစံ (ဘ) ဦးမျိုးဝင်း အသက် (၁၃)နှစ်၊ မောင်ခန့်ဇေယျာမျိုး (ဘ) ဦးမျိုးဝင်း အသက်( ၆) နှစ်တ်ို့(၈)ဦးဖြစ်တယ် ၊ သူတို့ မိသားစုတွေ အိပ်ပျော်နေတုန်း ပစ်သတ်သွားတာဖြစ်တယ် ၊ ဘယ်အဖွဲ့စည်းက ပစ်တယ်ဆိုတာ အခုထိတော့ မသိရသေးဘူး ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ရုပ်အလောင်း ၈ လောင်းကို ပရဟိတသမားတွေက ဒီမနက်မှာ တွေ့ရတာဖြစ်ပြီး ကန့်ဘလူမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ကန့်ဘလူခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” အခင်းဖြစ်အရပ်ကို လုံခြုံရေးအဖွဲ့တွေ သွားရောက် စစ်ဆေးနေဆဲမို့ အသေးစိပ်အချက်အလက် မသိရသေးဘူး.” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ဇွန် ၅ ရက် မနက် အစောပိုင်းက ၊ စစ်ကိုင်းမြို့နယ် ၊ ပန်းချီးကျေးရွာမှာ မိသားစုလိုက် အိမ်လုံးကျွတ် အသတ်ခံရတဲ့အတွက် ကလေးငယ် ၂ ဦးအပါအဝင် လူ ၄ ဦး သေဆုံးကာ ကလေးငယ် ၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၅ ရက် ၊ မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ စစ်ကိုင်းမြို့နယ် ၊ သာဇင်ကျေးရွာက ဦးကျော်ဆွေနဲ့ သူ့ သမီး မခိုင်ဇာလင်း အသက် ၁၂ နှစ်ဟာ အိမ်မှာ အိပ်ပျော်နေတဲ့အချိန် သေနတ်နဲ့ ပစ်သတ်ခံရတဲ့အတွက် သားအဖ ၂ ယောက်စလုံးသေဆုံးသွားရတဲ့ ၂ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်းထဲက မင်းကင်း ၊ ကလေး ၊ စစ်ကိုင်း ၊ ခင်ဦး ၊ ရေဦး ၊ တန့်ဆည် ၊ ဒီပဲယင်း ၊ ကနီ ၊ ရွှေဘို စတဲ့ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၂ ရဲ့ ၁ နှစ်တာ ကာလအတွင်းမှာ မိသားစုလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဥ် ၄၀ ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ကလေး ၊ လူကြီး ၇၀ ကျော်ရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ကန့်ဘလူ #ရှစ်လောင်းပြိုင်လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW