ဇာတ်ရုံတော်၊ အပျိုတော်၊ ဇော် နှင့် ပိတောက်ရနံ့

ဆူးငှက်

မန္တလေးတွင် မြန်မာရှင်ဘုရင် အုပ်စိုးစဉ်ကတည်းက“ဇာတ်ရုံတော်ကြီး” တခမ်းတနား
ရှိခဲ့ဖူးပါသည်။ သီပေါဘုရင်လက်ထက် ဇာတ်ရုံတော်ကြီးအကြောင်းကို ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် ဖော်ပြထားပုံမှာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။

“ထိုနှစ် (၁၂၄၆) တပို့တွဲလ သမီးတော်မြတ်ရတနာ နားထွင်းမင်္ဂလာ ချီးမြှင့်တော်မူမည်ကို အစပြု၍ ပွဲသဘင်ခံတော်မူသည်မှာ အရှေ့ ဇာတ်ရုံတော်ကြီးတွင် ကောင်းကင်ခရီးပျံခြင်းသွားခြင်း၊ စက်ယန္တရားအလုပ်အဆောင် အဖွယ်အရာမြေမှပေါ်ခြင်း၊ ထွက်ခြင်း၊ ငုပ်ခြင်း၊ လျှိုးခြင်း၊ ဥမင်လမ်း အလုပ်အဆောင် အဖွယ်အရာ ဇာတ်ရုံတော်ကြီး အလယ် ဆန်းကြယ်သော ရေကန်ဝယ် ရိုးရွက်စိမ်းရှင်စွာ အဖူးချပ်ရုံ ပွင့်ငုံနှင့်တကွသော ရွှေပဒုမ္မာကြာပင်သည် ရေအောက်မှ တရွေ့ရွေ့ပေါ်ထွက်၍ ရေပြင်ထက်သို့ ရောက်ကာလ အထပ်တစ်ရာ ပွင့်ချပ်လွှာတို့သည် နေအရုဏ်သင့်၍ ပွင့်လတ်သောအခါ ယင်းသည်
ကြာငုံအတွင်းမှပါသော လျှပ်စစ်နွယ်ကဲ့သို့ အဆင်တန်ဆာရောင် ကိုယ်ရောင်တို့ဖြင့် ယှက်သန်းသော ဒေဝစ္ဆရာ ကညာဥပတ်၊ သန္ဓေနတ်သည် လှည့်ပတ် ဟန်လှ၊ ဦးညွတ်ခပြီးလျှင် ကျူးကခြင်းပြုစေသော စက်ယန္တရား အလုပ်အဆောင် အဖွယ်အရာ မကိုဋ် သရဖူ ဇာတ်ရုပ်ဇာတ်ခေါင်း အမျိုးမျိုးကိုလည်း စိန်ရောင်၊မြရောင် ဖန်မှန်ထွတ်မျိုးတို့နှင့် စီခြယ်လျက် စနစ်ကျကျ လှပကောင်းမွန်အောင် အသစ်လုပ်ဆောင်၍ ဆင်စေခြင်း၊ ဇာတ်ဝတ် အဆင်တန်ဆာများမှာလည်း နတ်သား နတ်သမီးတို့၏ အဝတ်အဆင်ကိုပျက်ရယ်ပြုဘိ၏သို့ ကြယ်ပြား၊ ကြယ်ခုံး၊ ရွဲလုံး၊ ပိန္နဲဆူး၊ ဘူးနွယ်၊ သရက်ကင်း၊ ပုစဉ်းကြီး၊ ပုစဉ်းငယ်စသော ရွှေသားငွေလျက် ပြိုးပြိုးပြက်ပြက်တာက်ပသော ကိရိယာတို့ဖြင့် အာကာပေါင်မကန်းကွက် ဆင်စွယ် ဝန်းရှက် ငါးကြင်းကြေး၊ခူးသေး၊ သဇင်ခွေ စသော အသွင်သဏ္ဌာန် အမျိုးမျိုးတို့ဖြင့် ဆန်းကြယ်စွာ အသစ်ချုပ်လုပ်ပေးအပ် ဝတ်ဆင်စေခြင်း၊ အဖွယ်အရာမှစ၍ ခမ်းနားကြီးကျယ် တင့်တယ်လှပစွာ အဖွယ်အရာစုံတို့ဖြင့် ခင်ကျင်းစေအပ်သော ရာမဇာတ်တော်ကြီး။ ။ အနောက်ဇာတ်ရုံတော်မှာလည်း အရှေ့ဇာတ်ရုံတော်ကြီးကဲ့သို့ ခမ်းနားကြီး ကျယ်တင့်တယ်လှပစွာ အဖွယ်အရာစုံတို့ဖြင့် ခင်းကျင်းလျက် အနုအယဉ် တုယှဉ်ဖွယ်မရ ခမ်းနားလှသော ဩဩဣန္ဓာရုံဘွဲ့ခံသော အီနောင်ဇာတ်တော် ကြီးများကို”စသည်ဖြင့် ရးသားထားပါသည်။

ထို့ကြောင့် ထိုအချိန်က မန္တလေးတွင် ဇာတ်ရုံတော်ကြီး နှစ်ရုံရှိခဲ့လေ၏။ မြန်မာမင်းတို့သည် ဘုန်းကြီးကျောင်း ကဲ့သို့သော သာသနိက အဆောက်အအုံကြီးများအား တင့်တယ်စွာ ဆောက်လုပ် လှူဒါန်းသကဲ့သို့ ဇာတ်ရုံတော်ကြီးများလည်း ခမ်းနားစွာ ဆောက်လုပ်ခဲ့သည်ဟု မှတ်သားရပါသည်။ ထိုခေတ်ထိုအခါက ပြည်သူအများစုမှာ လက်လုပ်လက်စားများဘဝဖြင့် ရိုးကုပ်စွာ ခြိုးခြံနေထိုင်ကြပြီး မှူးမတ်ဝန်ကြီး အဆင့်မှသာ အုတ်တိုက်ခံ အဆောင် ခိုနန်းချိုးအိမ်များဖြင့် နေထိုင်ကြသည်။ ထိုသို့သော လူနေမှုစံတွင် ဇာတ်ရုံတော်ကြီးများ၏ အဆင့်အတန်းမှာ လူနေမှုအဆင့်အတန်းထက် ပိုလွန်သာကဲစွာ
ဆောက်လုပ်ထားသည်မှာ သေချာပါသည်။

××××× ×××××

တကယ်တော့ ပွဲဦးနတ်ကတော်ထွက်ရသည်။ နတ်ကတော်ကပွဲစ။ ဆိုင်ရာ နတ်တို့ ပူဇော်ပြီး နတ်ကတော်အက ကပြကာ နောက်ပိုင်းအပျိုတော်ကကြိုးကို တစ်ဆက်တည်း ကရသည်။ နတ်ကတော်အကနှင့် အပျိုတော်အက တခြားစီ။ နတ်ကတော်နှင့်အပျိုတော်မှာ ဝတ်စားပုံအဆင်အပြင် ခြားနားသည်။ နတ်ကတော်မှာက ပဝါရင်စည်းနှင့် နဖူးစည်း ရှာပန်းနီပါရမည်။ အပျိုတော်မှာ ထိုသို့မပါ။ ရှေးက ပွဲဦးအစတွင် နတ်သံ၏ပထမပိုင်း၌ သိကြားမင်းကို ဦးစွာအလေးအမြတ်ပြု ပင့်ဆောင်၍တိုင်တည်ရသည်။ စင်တိုင်သည်ဟုခေါ်ကြောင်း မှတ်သားရ၏။ ရှေးဇာတ်ပွဲ၌ အပျိုတော်များသည် ကန်တော့ပွဲကို ချီရာ၌ ပထမတစ်ကြိမ် အထက်သို့မော့၍ မြို့နယ်ပိုင်ဆိုင်သောမင်း၊ ဒုတိယအကြိမ်၌ မျက်နှာနှင့် တစ်ပြေးတည်းပင့်၍ ခေါင်းကိုငုံ့ကာ ဆိုင်းအဖွဲ့သား၊ တတိယအကြိမ် ပရိသတ်ကိုမျှာ်၍ လေးစားသမှုပြုရသည်။ ပွဲသဘင်၏ အောင်မြင်မှု၊ ပျက်ပြားမှုသည် ထိုပုဂ္ဂိုလ်အစုသုံးစုပေါ် တည်ခြင်းကြောင့် အလေးအမြတ်ပြုခြင်းဖြစ်သည်ဆို၏။

အခုတော့ အပျိုတော်သည် “မင်္ဂလာရယ်မှ မဏ္ဍိုင်လေ”အစချီကာ ဆိုင်းအဖွဲ့မှ ““အောင်ပါစေ”ဟူသော တေးသံကိုပင် မတိုင်ကြတော့ဘဲ“အတူလေးရယ်မှ ယှဉ်ကာပြိုင် ယှဉ်ကာပြိုင်” က စတင်ကာပင် ကပြကြတော့သည်။ ထို့နောက် မင်းကျော်စွာနတ်ချင်းကို ဆက်လက်သီဆိုကြတော့၏။
“သန်းခေါင်ကို နေ့မှတ်ပါလို့ အရပ်ကလေးကိုတဲ့ အားမနာ၊ အားမနာ အိမ်နီးချင်းကိုတဲ့ အားမနာ၊ အားမနာ မသောက်ရရင် သီလစောင့်တယ် ကိုး…ကျောင်းဒကာ””

“သောက်တော်ဘူးရယ်နဲ့ အိုမကွာ…အိုမကွာ မင်းကျော်စွာတဲ့ မကျော်လား ဝေးရာကရှား…။
လောင်းစရာ ငွေမရှားပါလို့ ကစားစရာငွေမရှားပါဘု ကြက်ကျားကိုတဲ့ တိုက်မယ့်ပြင် မင်စိုင်းကျော်ရှင်။ ချစ်လို့ရယ်တဲ့ရှင် ယဉ်ရှာရော့လား ကြိုက်လို့ရယ်တဲ့ရှင် ယဉ်ရှာရော့လား
ကိုကြီးကျော်ရေ…(ဗျို..ဗျို… ဗျို)
မောင်ကြီးကျော်ရေ…(ဗျာ.. ဗျာ… ဗျာ) သည်ဇမ္ဗူမှာ ပြိုင်ဘက်ရှား မိုးကျနတ်သား…
မောင်းတူးကိုလျှောက်ပါလို့ အနောက်ကလေးရွှေဂူနီ ပေးပြန်ခဲ့ပြီ။
ညနေညနေဆီမှာလေ ဂူနီကျော့စံကွန်း ကိုကြီးကျော် ပလီလွန်းတယ် ဆေးစိုက်တဲ့ ဆေးရှိုက်တဲ့ကျွန်း….”” ဟူ၍ သီဆိုကခုန်ကြသည်။
တကယ်တော့ အပျိုတော်အကသည် စည်းချက်သွက်သွက်တွင် အသွက်က၊ အမြူးက ဖြစ်၏။

××××× ×××××

“ဇော်လာပါတယ် ဖေတို့မောင်တို့ ဂျီလာပါတယ် ဖေတို့မောင်တို့ တောင်ဝှေးထောက်လို့ တောင်မြောက်မျှော် ဇော်ဂျီပါရင် ကျုပ်တို့ပါပဲ။ ဆေးတောင်ဝှေးတဲ့ ဆေးလေ မြစိမ်းတောင်ခြေထိုးတဲ့ အဂ္ဂိရွှေမရှားပါလို့ ပြဒါးသေ.. .မြစိမ်းတောင်ခထိုးတဲ့ အဂ္ဂိ…””
မြန်မာရုပ်သေးတွင် ဇော်ဂျီရုပ်ကို သဘောကျကြသည်။ ဇော်ဂျီရုပ်က ကဟန်များသလောက် မင်းသားရုပ်များလို ကကြိုးအများအပြားမပါရှိ…။ ကြိုးအနည်းငယ်ကိုသာသုံး၍ ကဟန်မျိုးစုံ ခွဲခြားကပြရသောကြောင့် ခက်ခဲသည်။ ထို့ပြင် ဇော်ဂျီရုပ်က သိုရင်းအင်္ကျီဖားလျား…၊ ခါးတောင်းကျိုက်နှင့်ဖြစ်ကာ အပေါ်သို့ ခုန်ကြွမြှောက်ပျံရသည်။ တောင်ဝှေးပေါ်တွင် အုန်းပင်စိုက်ရသည်။ တစ်ပတ်ကျွမ်း၊ ကြောင်လိမ်ကျွမ်း ခုန်ရသည်။ ထိုအခါ ကြိုးဆွဲလက်က ကျွမ်းကျင်စွာဖြင့် တစ်ဖက်အောက်က လွှတ်သော ကြိုးစကို တစ်ဖက်မှ ပြန်ကျော်ကာ ပြန်ကောက်ဖမ်းရသည်။ ကျွမ်းလှိမ့်ရာ၌ အသွားအကွက်နှင့် အပြန်အကွက် ထပ်တူကျစေသဖြင့် ရှုပ်ပြီး ကြိုးကိုအလိုက်သင့် ပြန်ပြီးပြေစေရသည်။ ဆိုင်းချက်ကျစွာ လျင်လျင်မြန်မြန် ကပြရသဖြင့် ကြိုးဆွဲသူမှာလည်း ပင်ပန်းလှ၏။

မြန်မာရုပ်သေးစင်မှ ဇော်ဂျီရုပ်သည် အဘိဓမ္မာရုပ်၊ ဝါဏရရုပ် သုံးပါးအနက် လဟုတာရုပ်ဖြစ်ပါသည်။
အချို့သော ရုပ်သေးများသည် ဇော်ဂျီရုပ်ကို “ကောင်းချီးသင်္ခါ”” ယိုးဒယားဖြင့် ခပ်လေးလေး ထွက်တတ်ကြပါသည်။ ဇော်ရုပ်ကို ကြိုးဆွဲကျွမ်းကျင်သော
မင်းသားကြိုးဆွဲကြီးများသာ ကိုင်လေ့ရှိပါသည်။ ဇော်ရုပ်ဆွဲနိုင်သူက အတော်ဆုံး ကြိုးဆွဲဖြစ်သည်ဟု
သတ်မှတ်ကြသည်။ ထို့ကြောင့် ဇော်ဆွဲသည် “လူပေါ် လူဇော်” စသည်ဖြင့် ကျွမ်းကျင်ထူးခြားမှုကို
တင်စားသုံးနှုန်းကြသည်။ ရုပ်သေးတွင် ဇော်ကကို ကြည့်၍ မင်းသားကြိုးဆွဲကောင်းမည် မကောင်းမည်ကို အကဲခတ်ကြသလိုနှင့် ပတ်မထိန်း အစွမ်းကိုလည်း ဇော်တီးကွက်တွင် အကဲခတ်ကြပါသည်။ တချို့ ရုပ်သေးများက ဇော်ဂျီကို နှစ်မျိုးနှစ်စားခွဲခြားထားသည်။ အနုအယဉ် သိမ်မွေ့စွာ ကသော နန်းဇော်နှင့် ကြမ်းတမ်းပါ့ပါးစွာ ကသော တောဇော်ဟူ၍ဖြစ်သည်။

ဇော်စထွက်လျှင် ““ဇော်လာတယ်ဟေ့၊ ဘယ်ကဇော်လဲလို့ သူငယ်ချင်းက ပြောလိုက်စမ်းပါ””ဟု ဆိုင်းနောက်ထက အသံခံလိုက်သောအခါ… “မန်းပေါ်ကနက် …၊ စန်းပေါ်တက်ခဲ့တော့…၊ နန်း…တော်ထွက်ဇော်””ဟု အစချီပြီး မည်သူမည်ဝါ၏ စင်မှ ဇော်ဖြစ်ကြောင်း တစ်ယောက်ပြန်ပြော၏။

“…လွမ်းလေစရစရ ဟိုမြိုင်လယ်မှာ သည်မြိုင်လယ်မှာ စံပယ်ကို ထားဝယ်ခပါလို့ (ဒေါလေလေ
နက၊ နက)၂ဒါနက သင်းတယ်၊ သင်းတယ် သင်းတယ်လေ…”” ဟူသော ဇော်သီချင်းကို သီဆိုကကြသည်။ “ဇော်ဆိုဇော်ချင်း၊ဇော်ချင်းပပြိုင်ဘက်ကွာ၊ဇော်တကာ့တွင် ခေါင်ကချုပ်တယ်၊ ဂျီတကာတွင်
ခေါင်ကချုပ်တယ်၊ ဂိုဏ်းအုပ်မဲ့လာ” တဲ့။
ဇော်ကို သိမ်းသည့်အခါ ဆိုင်းကလးခင်းနှင့် ပတ်ရင်းနာနာမွှေ့၍ ဗိန်းမောင်းအဆုံးသတ်တွင် ဇော်ရုပ်ကို ခပ်သွက်သွက် လှည့်ပတ်ခုန်ပေါက်ပြီး ထွက်ရပ်ပေါက်သွားသည့် ဟန်ဖြင့် လက်တန်းပေါ်က ရုတ်ခနဲ ခုန်ကျော် ဝင်သွားဟန် သပ်ရပ်စွာ အဆုံးသတ်ကြသည်။

××××× ×××××

ပဉ္စရူပ ပတ်မထမ်းရုပ်နှင့် မှန်စီရွှေချ မြန်မာဆိုင်းဝိုင်းမှ ပဏာမတီးလုံးသံကြားရသည်။ ပွဲခင်းထဲမှာ ကြံပန်းခိုင်သည်ကို ရောင်ရမ်းရှာဖွေနေမိသည်။ မင်းသားဓာတ်ပုံပါသော ယပ်တောင်များ လာရောင်းမှာလား မျှော်နေမိ၏။ ပွဲစဖို့ မီးတွေ မှောင်ချချိန်မှ လက်နှိပ်ဓာတ်မီး တဝင်းဝင်းနှင့် ကော်ဇောတွေ၊ခေါင်းအုံးတွေ၊ ငါးဆင့်ကြွေချိုင့်ကြီးတွေ မနိုင်မနင်းဆွဲကာရာက်လာမည့် ရွှေဆိုင်တန်းသူတွေ၊ နဂါးဒေါ်ဦးအဖွဲ့သူတွေကို သတိရနေသည်။ ဇွန်ပန်းရနံ့လေးက သင်းပျံ့လာသလို။ ကပ်လျက်ဖျာမှ ပွဲကုန်းသူလေးတွေ ခေါင်းမှာ ဝနေအောင် ပန်လာသည့် ဇွန်ပန်းတွေဆီ ကလား …။ သင်းတဲ့ရနံ့ပါပဲ။ ဇွန်ပန်းရနံ့မဟုတ်။ခေါင်းရင်းပိတောက်ပင်ဆီက ပိတောက်ပန်းရနံ့ဆိုတာ အိပ်ချင်မူးတူးအသိက ပစ္စုပ္ပန်ကို ရိုးတိုးရိပ်တိတ် သတိလည်လာစေသည်။

အိမ်ခန်းထဲမှာ လက်လှမ်းမီရာ စာအုပ်အချို့နှင့်သာ လုံထွေးရစ်ပတ် အဖော်ပြုရတဲ့ ရက်တွေလတွေကို မကြည်လင်သော လုံးသားနှင့် ရက်ရှည် လရှည်ဖတ်ကျော်နေရတော့ ဖတ်လက်စစာအုပ်ကို ရင်ပတ်ပေါ်တင် အှေးခနဲ အိပ်အပျော် ဘယ့်နှယ် လွတ်လပ်ပွင့်လင်း ပွဲခင်းထဲ ရောက်သွားပါလိမ့်။ ပိတောက်ရနံ့ဆိုတာ သဲကွဲစွာ သိလိုက်ချိန် ကုန်လွန်ခဲ့သော ၂နှစ်ကျော်က လမ်းလျှောက်သင်္ကြန်ကို သတိရပြန်လိုက်သးသည်။ တူးပို့တော့ မကြားရ။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW