ရခိုင်ပြည်နယ်မှာ စပါးအထွက်နှုန်း အဆမတန်ကျဆင်းသွား

ဇန်နဝါရီ ၁၅- ၂၀၂၃
SW(VOM)

ရခိုင်ပြည်နယ်အတွင်း မိုးစပါးစိုက်တောင်သူတွေမှာ စပါးအထွက်နှုန်း အဆမတန်ကျဆင်းသွားတယ်လို့ လယ်သမားတွေ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မိုးတွင်းကာလက စိုက်ပျိုးလိုက်တဲ့ စပါးတွေကို ဆောင်းရာသီအရောက်မှာ ရိတ်သိမ်းခဲ့ကြတာဖြစ်ပြီး အဲဒီလို ရိတ်သိမ်းခြွေလှည့်မှုတွေ လုပ်ပြီးတဲ့အခါ စပါးအထွက်နှုန်း အဆမတန်ကျဆင်းနေတာကို တွေ့ရကြောင်း လယ်သမားတွေက ပြောပါတယ်။

မြောက်ဦးမြို့နယ် ပီပင်ရင်းကျေးရွာက လယ်သမားတဦးက “စပါးအထွက်နှုန်းက ၅၀ ရာနှုန်းလောက်လျော့ဆင်းသွားပါတယ်။ အရင်က ဝါးတရာမှာ ငါတို့ရခိုင်တောင်းနဲ့ တောင်း (၁၅၀) ရခဲ့တာ အခုက (၇၅)တောင်းလောက်ပဲ ရတော့တယ်”လို့ ပြောပါတယ်။

အဲဒီလို စပါးအထွက်နှုန်းတွေ ကျဆင်းသွားတဲ့အထဲ ရခိုင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးတဲ့ မြို့နယ်အများစုမှာတွေ့ရပြီး ယေဘုယျအနေနဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲပြီး မိုးခေါင်မှု၊ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ပြည်နယ်တွင်း စစ်ရေးပဋိပက္ခကြောင့် ဓာတ်မြေဩဇာဈေးနှုန်းတွေ အဆမတန်မြင့်တက်သွားတာကြောင့်ဖြစ်တယ်လို့ တောင်သူလယ်သမားတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ်က လယ်သမားကြီးတဦးဖြစ်တဲ့ ဦးအောင်ကျော်မြက “ဝါဆို၊ ဝါခေါင်လတွေမှာ မိုးက ရက်ပေါင်း ၄၀ လောက် မရွာဘဲ ဖြစ်သွားတဲ့အခါ စပါးတွေက အားဖြစ်မယ့်အချိန်မှာ မိုးခေါင်သွားတာကြောင့် မိုးရေချိန်လက်မ မပြည့်လိုက်ပါဘူး။ ၂ အချက်ကတော့ ဓာတ်မြေဩဇာက တအိတ်ကို ၁ သိန်းခွဲလောက် မြင့်တဲ့သွားတဲ့အခါ လုံလုံလောက်လောက်သုံးနိုင်လိုက်ဘူး။”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ စပါးအထွက်နှုန်းဟာ တပြည်နယ်လုံးအတိုင်းအတာနဲ့ (၂၀%)လောက် လျော့ဆင်းသွားနိုင်တယ်လို့ လယ်သမားကြီးတဦးအနေနဲ့ ခန့်မှန်းကြောင်း သူက ဆက်ပြောပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေတွေ၊ ဒေသတွင်း မတည်မငြိမ်မှုတွေကြောင့် ရခိုင်ပြည်နယ်တောင်သူလယ်သမားသမဂ္ဂအနေနဲ့လည်း ပြည်နယ်ရဲ့ စပါးအထွက်နှုန်း ကိန်းဂဏန်းတွေကို တိတိကျကျပြောပြဖို့ခက်ပေမယ့် စပါးအထွက်နှုန်းကျဆင်းတာကတော့ မှန်ကန်တဲ့ဖြစ်ရပ်လို့ ပြောပါတယ်။

အခုလိုမျိုး ဆန်စပါး အထွက်နှုန်းကျဆင်းမှုဟာ ရခိုင်ပြည်နယ်သာမက မြန်မာတနိုင်ငံလုံးက ပြည်သူတွေအပေါ် သက်ရောက်မှုရှိလာနိုင်ပြီး အခက်အခဲ ဖြစ်လာနိုင်တယ်လို့ လယ်သမားတွေက ပြောပါတယ်။

“စပါးထွက်နှုန်းအလွန်တရာ ကျဆင်းလာတဲ့အခါ စပါးစိုက်ပျိုးမယ့်သူ နည်းလာတဲ့အခါ လယ်သမားတွေမှာ စပါးစိုက်ပျိုးဖို့ ငွေကြေးအင်အားလိုတယ်။ လူအင်အားလိုတယ်။ စက်မှုကိရိယာတွေ ပြည့်စုံဖို့လိုတယ်။ တစိုက်မက်မက်အင်နဲ့ အားနဲ့မလုပ်နိုင်တဲ့အပြင် ရလာတဲ့ စပါးတွေကလည်း တန်းဖိုးမရှိဘူးဆိုရင် အဲဒီ လယ်လုပ်တာကို အာရုံမစိုက်တော့ဘဲ တခြားလုပ်ငန်းတွေကို စဉ်းစားလာကြတယ်” လို့ လယ်သမား တဦးက ပြောပါတယ်။

စပါးအထွက်နှုန်းကျဆင်းပြီး မိသားစုမပြေလည်မှုတွေကြောင့် ကျေးရွာတွေကို စွန့်ခွာပြီး နိုင်ငံခြားကို ထွက်ခွာသူတွေလည်း ပိုများလာပြီး လယ်ယာစိုက်ပျိုးမယ့်သူ မရှိသလောက်နည်းပါးလာကြောင်း ပြောကြပါတယ်။

ရခိုင်ပြည်နယ်ရဲ့ လယ်ယာလုပ်ငန်းဟာ တစတစ အင်အားချိနဲ့လာပြီး အခက်အခဲတွေအမျိုးမျိုးကြောင့် စပါးစိုက်ပျိုးရေးကို အာရုံမစိုက်နိုင်တော့ဘဲ ဖြစ်လာကာ လယ်ယာလုပ်ငန်းကို စွန့်လွတ်တဲ့အထိ ဖြစ်လာနေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

ရခိုင်မှာ အခုလို စပါးအထွက်နှုန်းကျဆင်းလာတာဟာ တနှစ်တခြား ပိုမိုဆိုးလာပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က စိုက်ပျိုး ရိတ်သိမ်းရာသီမှာတော့ အထွက်နှုန်းကျဆင်းမှု အဆိုးဝါးဆုံးဖြစ်ခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။

ဒီလိုမျိုး စပါးအထွက်နှုန်းတွေ ကျဆင်းနေတာကြောင့် လယ်ယာစိုက်ပျိုးရေးအင်အားကောင်းလာဖို့ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ အကူအညီတွေပေးစေချင်တယ်လို့ လယ်သမားတွေကပြောပါတယ်။

မြောက်ဦးမြို့နယ်၊ ပီပင်ရင်းကျေးရွာက လယ်သမားတဦးက “ အစိုးရကို တောင်းဆိုချင်တာကတော့ စပါးဈေးနှုန်းတွေကို စနစ်တကျ သတ်မှတ်ပေးဖို့၊ ရှိတဲ့ ငွေနဲ့ လည်ပတ်နိုင်ဖို့အတွက် စပါးဈေးတွေကို မြင့်ပေးရမယ်။ လယ်သမားတွေကို အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေ ချေးငှား ပေးရမယ်။ စိုက်/ဘဏ်က ချေးထားနဲ့ ငွေတွေကိုလည်း ဘယ်သူမှ ပြန်မဆပ်နိုင်ဖြစ်နေပြီ”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်လာရေးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ဘယ်လိုစီမံချက်တွေ၊ ဘယ်လို မူဝါဒတွေရှိသလဲဆိုတာကို ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက အခုလို ပြောပါတယ်။

“ရခိုင်ပြည်နယ်အစိုးရအနေနဲ့တော့ လုပ်တဲ့လူတွေက ဘယ်လို အစီအစဉ်တွေနဲ့ လုပ်နေလဲမသိဘူး။ ငါတို့အမြင်အရပြောတဲ့အခါကျတော့ ဥပမာ- ဓာတ်မြေဩဇာတွေမရဘူးဆိုရင် ရနိုင်သလောက် ရအောင်အတတ်နိုင်ဆုံး ရအောင် လုပ်ရမှာပေါ့။ နိုင်ငံတော်ကလည်း ဓာတ်မြေဩဇာစက်ရုံသုံးခုပဲရှိတဲ့အခါ ဓာတ်မြေဩဇာရနိုင်မယ့်အခွင့်အရေးတွေ အဲဒါတော့ သိတာပေါ့၊ ပြီးခဲ့တဲ့ နှစ်က ဓာတ်မြေဩဇာတွေ နိုင်ငံခြားက တင်သွင်းရတဲ့အခါ လုံလုံလောက်လောက် မရခဲ့ဘူး။ ဒါပေမယ့် ပြည်တွင်းထုတ်ဓာတ်မြေဩဇာတွေကို ရနိုင်သလောက် အတတ်နိုင်ဆုံးလုပ်ပေးနိုင်ခဲ့တယ်။ လိုအပ်သလောက်မရခဲ့ဘူး။”လို့ ဦးလှသိန်းကပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ ဆန်စပါး စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်တဲ့ ဒေသတခုဖြစ်ပြီး စပါးစိုက်ဧက ပေါင်း (၁၀)သိန်းကျော်အ ထိ ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က လယ်ဧက ၉ သိန်းလောက်သာ စိုက်ပျိုးနိုင်ခဲ့ကာ ရာသီဥတုဖောက်ပြန်ပြီး မိုးခေါင်မှု၊ မုန်တိုင်းဒဏ်တွေကြောင့် ဧကပေါင်း သိန်းချီပျက်စီးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ဟာ စပါးအထွက်နှုန်းအနေနဲ့ လယ်ဧက ၉ သိန်းလောက်မှာ စပါး တင်း သိန်း(၅၀၀) ကျော်အထိထွက်ပေမယ့် တင်းသိန်းပေါင်း (၄၀၀) ကျော်ခန့်ပဲ ရှိနိုင်ကြောင်း ရခိုင်ပြည်နယ်၊ တောင်သူလယ်သမားသမဂ္ဂကနေ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း မိုးစပါးရာသီမှာ လယ်ဧက (၁၀) သိန်းစိုက်ပျိုးနိုင်ခဲ့ပြီး မြို့နယ်အလိုက် အထွက်နှုန်းအနေနဲ့ ၂၀၁၉- ၂၀၂၀ ခုနှစ်မှာ မိုးစပါးတင်း (၆၁၉) သိန်း ထွက်ရှိနိုင်မှာဖြစ်ပြီး ရခိုင်ပြည်နယ်ရဲ့ ဆန်ဖူလုံမှုဟာ (၁၂၅.၄၆%) ရှိကြောင်းတွေ့ရတယ်လို့ အဲဒီတုန်းက အမျိုးသားလွှတ်တော်မှာ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၃) လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ရဲ့ ဆန်ရိက္ခာ၊ သိုလှောင် ဖြန့်ဝေရေးနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ လူကယ်ပြန် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားခဲ့တဲ့အထဲ ပါဝင်တာကို ကြားသိခဲ့ရတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရခိုင် #စပါးအထွက်နူန်း #အဆမတန်ကျဆင်း

Related posts

Leave a Comment

VOM News

FREE
VIEW