သထုံမြို့နယ်မှာ ဓာတ်ငွေ့ ပိုက်လိုင်း လုပ်သား ၂ ဦး ပစ်သတ်ခံရ၊ ၄ ဦး ဒဏ်ရာရ

ဇန်နဝါရီ ၊ ၁၄ ၊ ၂၀၂၃
SP ( VOM)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဓနုကတိုက်ကျေးရွာအနီး ဘီးလင်းမြစ်ကမ်းတဖက်မှာရှိတဲ့ ၊ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း လုပ်သားတွေဟာ မနေ့ ဇန်နဝါရီ ၁၃ ရက် ၊ နေ့လယ်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ပိုက်လိုင်းလုပ်သား ၂ ဦး သေဆုံးကာ ၊ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ပိုက်လိုင်းလုပ်သားတွေက မနက်ဆိုင်းပြီးလို့ နေ့လယ် ထမင်းစားနားနေတဲ့အချိန် သေနတ်နဲ့ ပစ်တာကိုခံရတာဖြစ်တယ် ၊ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် လုပ်သား ၂ ဦးက နေရာမှာတင် ပွဲချင်းပြီး သေဆုံးတယ် ၊ ၄ ယောက်က ကျည်ဆံထိမှန် ဒဏ်ရာရတယ် ၊ အလုပ်သမား အဖွဲ့ ခေါင်းဆောင်ကိုတော့ အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းခေါ်သွားတယ် “လို့ သေဆုံး ဒဏ်ရာရ လုပ်သားတွေနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မွန်ပြည်နယ် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ဓာတ်ငွေ့ပိုက်လိုင်း လုပ်သားတွေ ပစ်သတ် ဖမ်းဆီးခံရတယ် ၊ အဲ့ဒီ နောက်ကို နယ်မြေရှင်းလင်းရေးအဖွဲ့တွေ လိုက်လံရှင်းလင်းနေတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်ကလည်း ကယားပြည်နယ်ဘက်မှာ လျှပ်စစ်တာဝါတိုင် မဟာဓာတ်အားလိုင်း ပြုပြင်ရေး လုပ်သားတွေ ပစ်သတ်ခံရတာ ဖြစ်ပွားခဲ့ပါသေးတယ်။

ဒါ့အပြင် ကရင်ပြည်နယ်ဘက်မှာလည်း လမ်းလုပ်သားတွေနဲ့ မဟာဓာတ်အားလိုင်း လျှပ်စစ်လုပ်သားတွေ ပစ်သတ်ခံရတာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သထုံ

Related posts

Leave a Comment

VOM News

FREE
VIEW