ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဥ်တိမ်းမှောက်ပြီး အမျိုးသမီး ၁ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

ဇန်နဝါရီ ၁၈ – ၂၀၂၃
SN (VOM)

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်အတွင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ဒီနေ့ဇန်နဝါရီ ၁၈ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်က Alphard ယာဉ်တစီး တိမ်းမှောက်ခဲ့ကာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အဲ့ဒီဖြစ်စဉ်ကို သွားရောက်ကူညီပေးခဲ့တဲ့ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းက သိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ မန္တလေးဘက်ကနေ ရန်ကုန်ကိုမောင်းနှင်လာတဲ့ အိမ်စီးယာဥ် Alphard အမျိုးအစား၊ အနက်ရောင်ယာဥ်ဟာ မိုင်တိုင်အမှတ်-၂၉၈/၄ အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှ်ိ အကာရံသံတိုင်ကိုဝင်တိုက်မိပြီး တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ့ ဖြစ်စဉ်ကြောင့် ယာဥ်ပေါ်ပါသူ ၁၀ ဦးအနက်အသက် ၅၀ နှစ်ခန့် အမျိုးသမီး ၁ ‌ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး၊ ကလေး
ငယ် (မ) ၁ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

“ယာဉ်ပေါ်မှာ ၁၀ ယောက်ပါလာတာ။ ၅ ယောက် ဒဏ်ရာရတယ်။ အမျိုးသမီး တယောက်သေတယ်။ ဒဏ်ရာပြင်းထန်မှု အနေအထားကတော့ တဦးချင်းစီတော့ ကျွန်တော်တို့သေချာ ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ အသင်းက ၃ သင်း ဆွဲတင်တာဆိုတော့လေ။ ဖြစ်ဖြစ်ချင်းမှာတော့ မိတ္ထီလာပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်။ အဲ့ဒီကနေမှ စိုးရိမ်ရတဲ့လူနာတွေကို ‌နေပြည်တော်ကိုထပ်လွှဲတယ်။ ကလေး ၁ ယောက်နဲ့ အမျိုးသမီး ၁ ဦးကတော့ နေပြည်တော်ကိုဆက်သွားပါတယ်“လို့ သူက ပြောပါတယ်။

အခင်းဖြစ်ရာနေရာကို မိတ္တီလာ ပြည်သာယာလူငယ်လူမှုကူညီရေးအသင်း၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့နဲ့ အမြန်လမ်း 192 ကူညီမှုအဖွဲ့ဝင်တွေ သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်တိုက်မှု ၁၆၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံး ၅၇ ယောက်အထိရှိခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

ဓါတ်ပုံ-ပြည်သာယာလူငယ်လူမှုကူညီရေးအသင်း
#voiceofmyanmar #VOM #အမြန်လမ်း #ယာဥ်တိမ်းမှောက် #လူတဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW