တရုတ်ရဲ့တကြော့ပြန် ကိုဗစ်နဲ့ နယ်စပ်ကုန်သွယ်ရေး အဆင်ပြေလာနိုင်မလား

ဇန်နဝါရီ ၂၀ – ၂၀၂၃
SN (VOM)

တရုတ်နိုင်ငံ အစိုးရဘက်က ကိုဗစ်ရောဂါကြောင့် လိုအပ်သလို ထိန်းချုပ်ကန့်သတ်ခဲ့ရတဲ့ နယ်စပ်ဂိတ်တချို့ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကစလို့ ကန့်သတ်မှုတွေ ဖြေလျော့ကာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာ့မီဒီယာတွေက တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ မျိုးရိုးဗီဇခွဲ Omicron BF.7 ကို လူတွေ အစုလိုက် ဖြစ်ပွားနေတာတွေ၊ ဆေးရုံမှာ လူနာတွေပုံနေတာတွေကို လူမှုကွန်ရက်က ဗီဒီယိုတွေနဲ့ ဖော်ပြနေချိန် တရုတ်အစိုးရကတော့ ကိုဗစ်စည်းကမ်းတွေကို ဖျက်သိမ်းပြီး နိုင်ငံတကာ ခရီးသွားလာမှုနဲ့ နယ်စပ်စည်းအားလုံးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၈ ရက်ကစလို့ ပြန်ဖွင့်ပေးဖို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်ကပ်ရောဂါကြောင့် သုံးနှစ်နီးပါးကြာပိတ်ထားရတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကိုလည်း တရုတ်နိုင်ငံဘက်က လူအဝင်အထွက်၊ ကုန်ပစ္စည်း အဝင်အထွက်တွေကို အခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့ကစတင်ပြီး တရားဝင်ခွင့်ပြုလိုက်ပြန်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဘက်ကတော့ တရုတ်ရဲ့ကိုဗစ်အခြေအနေနဲ့ ကုန်သွယ်မှုဆိုင်ရာညှိနှိုင်းချက်တွေက အဆင်သင့် မဖြစ်သေးတဲ့အတွက် အဲ့ဒီသတ်မှတ်ရက်မှာ ချက်ချင်း ပြန်မဖွင့်ပေးခဲ့ပါဘူး။

ဒါပေမယ့်လည်း နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပြီဆိုတဲ့ သတင်းကြားရလို့ တရုတ်နိုင်ငံဘက်ကနေ မြန်မာဘက်ခြမ်းကို ပြန်လည်ဝင်ရောက်လိုတဲ့သူတွေဟာ ဇန်နဝါရီ ၈ ရက်နေ့၊ နံနက်အစောပိုင်းကစလို့ တရုတ်နိုင်ငံဘက်ခြမ်းက နန်းတော်ဂိတ်မှာ အများအပြားသောင်တင်နေခဲ့ပြီး မြန်မာဘက်ဂိတ်က ပိတ်ထားဆဲဖြစ်တဲ့အတွက် လူမှုကွန်ရက်ပေါ်မှာလည်း ဝေဖန်သံတွေ စီစီညံညံဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဇန်နဝါရီ ၁၈ ရက်မှာတော့ မြန်မာ-တရုတ်နယ်စပ် နန်းတော်ဂိတ်ပေါက်ကနေ ပုံမှန် လူအဝင်အထွက် ခွင့်ပြုပေးနိုင်ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီလို့ မူဆယ်နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။

လက်ရှိမှာ နန်းတော်ဂိတ်ပေါက်ကနေ ပုံမှန်အလည်အပတ် အရောင်းအဝယ်အတွက် ဝင်ထွက်သွားလာမယ့်သူတွေကို တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံဘက်ကို ဝင်ရင် ကျန်းမာရေးစစ်ဆေးမှုခံယူနိုင်ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“အခုက နန်းတော်ဂိတ်ကို လူဝင်လူထွက်လုပ်မယ်ဆိုပြီး အကြီးစားပြင်ဆင်မှုတွေလုပ်နေတယ်။တရုတ်နှစ်သစ်ကူးမတိုင်မီ ဖွင့်မလား၊ နှစ်သစ်ကူးပြီးမှ ဖွင့်မလား၊ ရက်အတိအကျမသိရသေးဘူး။ ဒါပေမယ့် ကြားသိရသလောက်တော့ လူဝင်/ထွက်ကို စည်းကမ်းချက်တွေသတ်မှတ်ပြီး ခွင့်ပြုပေးဖို့များပါတယ်“ လို့ မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

ဒါ့အပြင် မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့လမ်းပိုင်းမှာ ရွှေမိုင်းယု ကနေ ရွှေလွယ်အင်အထိ ခေါက်တို အစားထိုးယာဉ်မောင်းစနစ် (ရှန်တိန်) ကို ဇန်နဝါရီ ၁၅ ရက်မှစတင်ကာ ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့ ကျင်စန်းကျော့လမ်းပိုင်းမှာ ရှန်တိန် ၅ ဆင့်ခန့် ရှိပြီး ရွှေမိုင်းယုကွင်းမှ ကုန်သွယ်ရေးဇုန်အထိ၊ ကုန်သွယ်ရေးဇုန်မှ နှင်းနှင်းခိုင်ကွင်းအထိ၊ နှင်းနှင်းခိုင်ကွင်းမှ ရွှေလီရေးဗားကွင်း၊ ရွှေလီရေးဗားကွင်းမှ ကျင်စန်းကျော့ လွယ်အင်ရွာအထိနဲ့ လွယ်အင်ရွာမှ ရွှေလွယ်အင်ကွင်းအထိ စသဖြင့် အဆင့်ဆင့် ရှိတဲ့အတွက် ငွေကျပ် သိန်းနဲ့ချီ ကုန်ကျနေတယ်လို့ သိရပါတယ်။

“စရိတ်စကတွေများတယ်၊ လူတွေရဲ့တောင်းဆိုမှုကြောင့် အခုလို ဖြုတ်လိုက်တာပါ။ အဆင့်ဆင့်ဖြုတ်လိုက်တာမှာ အခု နောက်ဆုံးတစ်ဆင့်ပဲကျန်တော့တယ်။ ဒီ့အတွက် ကားတစီးကို ၁ သိန်းခွဲလောက် စရိတ်စက သက်သာသွားတယ်။ အဲ့ဒါက ထူးခြားမှုတခုပဲ၊ ကျန်တာကတော့ သိပ်မထူးခြားပါဘူး။ နောက်ဆုံးကျန်တဲ့အဆင့်ကလည်း မကြာခင် ဖြစ်လာတော့မယ်ထင်တယ်”လို့ ဦးမင်းသိန်းက ပြောပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဧပြီလကတည်းက ပိတ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်ရှိ မန့်ဝိန်းဂိတ်ကိုလည်း နှစ်နိုင်ငံတာဝန်ရှိသူတွေ သဘောတူညီမှုအရ ဇန်နဝါရီ ၁၄ ရက်မှာ ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲ့ဒီ့ဂိတ်ကနေ ကုန်တင်ကားကြီးတွေသာ ဝင်၊ ထွက်ခွင့်ပြုမှာဖြစ်ပြီး လူဝင်၊ လူထွက်နဲ့ အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေကိုတော့ ခွင့်မပြုသေးဘူးလို့ သိရပါတယ်။

“မန့်ဝိန်းဂိတ်နဲ့ ဆင်ဖြူဂိတ်ကတော့ ၆ ဘီးကားပဲ ဝင်ထွက်လို့ရတာ။ ဝင်ထွက်ဖို့စာအုပ်ကလည်း ဇန်နဝါရီ ၁၇ ရက်ကမှ ပြင်ဆင်လို့ပြီးတာ”လို့ သူက ပြောပါတယ်။

လတ်တလောကာလမှာတော့ တရုတ်နှစ်သစ်ကူး နီးနေတဲ့အတွက် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှု ၇၅ ခိုင်နှုန်းလောက် ရပ်ဆိုင်းနေတယ်လို့ မြန်မာ-တရုတ်နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။ တရုတ်နှစ်သစ်ကူးကာလမှာ နယ်စပ်ကုန်သွယ်မှုလျော့ကျသလို သုံးနှစ်နီးပါးပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ခဲ့ပေမယ့်လည်း ကုန်သွယ်မှု သိသိသာသာပြောင်းလဲတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

“အခုဖွင့်လိုက်တဲ့ဂိတ်တွေမှာ တင်ပို့ရတဲ့ကုန်ပစ္စည်းကန့်သတ်တာတွေရှိနေတော့ ကျင်စန်းကျော့ပဲသွားလို့ရတာ။ ဂိတ်တွေဖွင့်လိုက်ပေမယ့်လည်း ကြီးကြီးမားမားပြောင်းလဲတာတွေရှိမလာဘူး။ ဒါပေမယ့် ဂိတ်တွေမဖွင့်တာထက်စာရင် အဆင်ပြေတယ်။ ဇန်နဝါရီ ၁၇ ရက်ကမှ တရုတ်ဘက်က မြန်မာပြည်ထဲကို ခြောက်ဘီးကား နှစ်စီးပဲ ဝင်လာသေးတယ်။ မြန်မာဘက်ကဆို သွားတောင်မသွားရသေးဘူး။ စာအုပ်တွေ ကိုဗစ်စည်းကမ်းချက်တွေ ဆေးစစ်တာတွေရှိတော့ ဇန်နဝါရီ ၁၇ ရက်နေ့ကမှ စာအုပ်လုပ်လို့ ပြီးကြတာ”လို့ နယ်စပ်ကုန်သည်တဦးက ပြောပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ပြည်သူတွေကတော့ နေ့စဉ်လူမှုစီးပွားဘ၀တွေ အပါအဝင် နယ်စပ် ကုန်သွယ်ရေးဆိုင်ရာတွေကို ဟိုးယခင်ကလို ပြည့်ပြည့်၀၀ ပြန်လည်လုပ်ကိုင်ဆောင်ရွက်ချင်နေကြပါတယ်။ အဲ့ဒီ့လို ဆောင်ရွက်နိုင်ဖို့အတွက် နှစ်နိုင်ငံလုံးက နယ်စပ်ဂိတ်တွေအားလုံး ပြန်ဖွင့်လာနိုင်ဖို့ကသာ အဓိကကျလျက် ရှိနေတာပါ။

ဒါပေမယ့် နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ တရုတ်ပြည်မကြီးထဲက ဘေဂျင်းနဲ့ ရှန်ဟိုင်းမြို့ကြီးတွေ အပါအဝင် တရုတ်နိုင်ငံမြို့ကြီးတွေရဲ့ ဆေးရုံအရေးပေါ်ကုသဆောင်တွေမှာ ကုတင်မလောက်အောင် ကိုဗစ်လူနာတွေများပြားနေတယ်လို့ သတင်းထုတ်လွှင့် ဖော်ပြမှုတွေကလည်း ရှိနေပါတယ်။

ဒါ့အပြင် ကပ်ဘေးစတင်ချိန်ကစလို့ တရုတ်မှာ သေဆုံးသူ ၅,၂၉၅ ယောက်ရှိတဲ့အကြောင်း တရုတ်အစိုးရက ထုတ်ပြန်ထားပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တာဝန်ရှိသူတချို့ကတော့ သေဆုံးသူ၊ အရေးပေါ် ကုသဆောင်မှာ ရောက်နေသူတွေရဲ့ အရေအတွက်ဟာ တရုတ်အစိုးရထုတ်ပြန်စာရင်းထက် အများကြီး ပိုနိုင်တဲ့အကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ကမ္ဘာတဝန်း ကိုဗစ်ကပ်ရောဂါအပြင်းအထန်ဖြစ်ခဲ့တဲ့ သုံးနှစ်အကြာမှာ တင်းကျပ်တဲ့ ကိုဗစ်ကန့်သတ်ချက်တွေကို ကိုင်ဆွဲထားခဲ့တဲ့ တရုတ်နိုင်ငံအဖို့ လက်ရှိမှာတော့ သူတို့ကိုင်စွဲလာတဲ့ ကိုဗစ် သုညမူဝါဒကနေ တဆင့်လျော့တဲ့ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်တဲ့ နည်းလမ်းကို ပြောင်းလဲဖို့ ကြိုးစားနေကြပါတယ်။

တင်းကျပ်တဲ့ ကိုဗစ် သုည မူဝါဒ ကျင့်သုံးချိန်မှာ ကူးစက်ရောဂါကြောင့် လူဖိတ်စင်မှုကို အနည်းဆုံးဖြစ်အောင် လုပ်နိုင်ခဲ့ပေမယ့် သုံးနှစ်ကြာလာတဲ့အခါ ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရတဲ့ ကမ္ဘာ့စီးပွားရေး လျှင်မြန်စွာ နာလံထူလာဖို့အတွက် နဂိုကျင့်သုံးနေတဲ့ ကိုဗစ်ဇီရိုးလို့ခေါ်တဲ့ ကိုဗစ်သုည မူဝါဒအစား ကမ္ဘာတဝန်း ကျင့်သုံးလာနေတဲ့ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်တဲ့ မူဝါဒကို ပြောင်းလဲကျင့်သုံးဖို့ ဖြစ်လာခဲ့ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက အဲ့ဒီလို ပြောင်းလဲလာမှုကို ကမ္ဘာ့စီးပွားရေးအတွက် အပြုသဘောဆောင်တဲ့ တွန်းအားပေးမှုအဖြစ် ယေဘုယျအားဖြင့် ကြိုဆိုကြပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်နဲ့ အတူယှဉ်တွဲနေထိုင်တဲ့ နိုင်ငံတွေမှာ စတင် ကျင့်သုံးတဲ့အခါတိုင်း ဖြစ်လေ့ရှိတဲ့ ဖိတ်စင်မှုနည်းပါးတဲ့ ကူးစက်မှုမြင့်တက်ခြင်း သဘောသဘာဝကိုတော့ ရင်ဆိုင်နေကြရတုန်းပါပဲ။

ဒါ့ကြောင့် မြန်မာနိုင်ငံအနေနဲ့ကတော့ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးမှာ တရုတ်ရဲ့တကြော့ပြန်ကိုဗစ် အခြေအနေကြောင့် ကုန်သွယ်မှု အဆင်ပြေနိုင်ခြင်း ရှိ၊ မရှိ ၊ ကိုဗစ်ကပ်ရောဂါပိုးတွေ မြန်မာဘက်မှာမပျံ့ပွားအောင် ဘယ်လိုလုပ်ဆောင်ကြမလဲ၊ ဘယ်လိုထိန်းချုပ်ကြမလဲ၊ အဆင်ပြေလာနိုင်ပါ့မလား ဆိုတာကိုတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ။

Photo Crd – Original Uploader
#voiceofmyanmar #VOM #နယ်စပ်ကုန်သွယ်ရေး #တရုတ်ပြည် #တကြော့ပြန်ကိုဗစ်ရောဂါ

Related posts

Leave a Comment

VOM News

FREE
VIEW