တရားဝင်သစ်ထုတ်လုပ်မှု ရပ်နားထားတဲ့ ပဲခူးရိုးမဧရိယာထဲမှာ သစ်ခိုးထုတ်မှုအများဆုံးဖြစ်နေ

ဇန်နဝါရီ ၁၉ – ၂၀၂၃
GG(VOM)

တနိုင်ငံလုံးအတိုင်းအတာအရ တရားမဝင်သစ်ခိုးထုတ်လုပ်မှုအနေနဲ့ သစ်ထုတ်လုပ်မှုရပ်နားထားတဲ့ ပဲခူးရိုးမဧရိယာအတွင်းမှာ တရားမဝင်သစ်ခိုးထုတ်မှု အများဆုံးဖြစ်နေတယ်လို့ သစ်တောဦးစီးဌာနကနေ သိရပါတယ်။

တရားမဝင် သစ် ဖမ်းဆီးရမိမှုအနေနဲ့ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၉ လအတွင်းမှာ တရားမဝင် သစ်တန်ချိန်ပေါင်း ၆၆၆၀၊ တရားခံက ၁၁၉၄ ဦး၊ ယာဉ်ယန္တရား ၅၉၆ စီး၊ စက်လွှ ၈၈ လက် ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဦးစီးဌာနရဲ့ အချက်အလက်​တွေအရ သိရပါတယ်။

အဲ့ဒီဖမ်းဆီးရမိတဲ့အထဲမှာ ပဲခူးရိုးမတခုထဲက သစ်တန်ချိန် ၂၈၀၀ နီးပါး ဖမ်းဆီးရမိတာကြောင့် ရာခိုင်နူန်းအနေနဲ့ဆိုရင် ၄၀ ရာခိုင်နူန်းလောက်နဲ့ အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

” အုတ်တွင်းဘက်မှာ ဖမ်းမိတာပိုများတယ်။ တောင်ငူလည်းပါတယ်။ခပေါင်းကြိုးဝိုင်းရှိမယ်။ အခု ဇန်နဝါရီလထဲမှာကို ပဲခူးရိုးမက ထပ်မိတာတွေရှိနေတယ်။ ပဲခူးရိုးမကနေ တရားဝင် သစ်ထုတ်လုပ်တာကို ၁၀ နှစ်ရပ်မယ်လို့တောင် အသိပေးထားပါတယ်၊ ဒါကို ခိုးထုတ်နေကြတာ”လို့ သစ်တောဦးစီးဌာန
တာဝန်ရှိသူတဦးကပြောပါတယ်။

ပဲခူးရိုးမအတွင်း တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းကို ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ကတည်းက ရပ်နားကာ သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တနိုင်ငံလုံးအတိုင်းအတာအရ ဖမ်းဆီးရမိတဲ့ သစ်တွေထဲမှာ ကျွန်းသစ် အများဆုံးဖြစ်ပြီး သစ်ခိုးထုတ်သူတွေကို ဖမ်းဆီးရမိတာရှိသလို ပိုင်ရှင်မဲ့ သစ်တွေလည်း ဖမ်းဆီးရမိမှုရှိတယ်လို့ သိရပါတယ်။

တရားမဝင်သစ်ခိုးထုတ်မှုအနေနဲ့ ပဲခူးတိုင်း၊စစ်ကိုင်း အပါအဝင် ကျန်တိုင်းနဲ့ပြည်နယ်အားလုံးမှာလည်း တရားမဝင်ခိုးထုတ်မှုတွေရှိနေသေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူးရိုးမ #သစ်ခိုးထုတ်မှုအများဆုံးဖြစ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW