မုံရွာမှာ ၄ ရက်ဆက်တိုက် ဓားပြတိုက်ခံရ ၊ လူ (၁)ဦးသေဆုံး

ဇန်နဝါရီ ၊ ၂၂-၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်က လူနေရပ်ကွက်တွေမှာ အခုလ ၁၈ ရက်ကနေ ၂၁ ရက်အထိ ၄ ရက်ဆက်တိုက် ဓားပြတိုက်ခံရပြီး အိမ်ရှင် (၁) ဦးသေဆုံးကာ ၊ (၁)ဦး ဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ရက်ပိုင်း ဇန်နဝါရီ ၁၈ ရက် နေ့လယ်ပိုင်းက မုံရွာမြို့ ၊ ရတနာပုံရပ်ကွက် ၊ ကျောက်ကျင်းနယ်မြေဘက်မှာနေတဲ့ ဒေါ်မိရဲ့နေအိမ် ဓားပြတိုက်ခံရတာ ၊ ရွှေထည်ပစ္စည်းတချို့နဲ့ ဆန်အိတ်တွေအပြင် ပိုက်ဆံတွေ ပါသွားတယ် ၊ ၁၉ ရက်နေ့က ချမ်းမြဝတီရပ်ကွက်ထဲက အငြိမ်းစားဝန်ထမ်းတယောက်ရဲ့ နေအိမ် တိုက်ခံရတယ် ပိုက်ဆံတွေပါသွားတယ် ၊ ၂၀ ရက် ည ၈ နာရီဝန်းကျင်က အောင်ချမ်းသာရပ်ကွက် ၊ ဗဟိုလမ်းမှာရှိတဲ့ ပြည့်စုံသုခ ကုန်စုံဆိုင် ဓားပြတိုက်ခံရတယ် ၊ အဲ့ဒီဆိုင်မှာ ဆိုင်ရှင် ကိုရာဇာစိုးတို့ လင်မယားက ဓားပြတွေကို ပြန်လည်ခုခံတိုက်ခိုက်တာကြောင့် ဓားပြတွေရဲ့လက်ချက်နဲ့ ဆိုင်ရှင် ကိုရာဇာစိုး သေဆုံးပြီး ၊ သူ့မိန်းမလည်း ဒဏ်ရာရတာဖြစ်ခဲ့တယ် ၊ ၂၁ ရက်ညနေပိုင်းက မုံရွာမြို့ မြဝတီရပ်ကွက် ၊ ပန်းဝါလမ်း ၊ ဖြူစင်မေတ္တာ ပုဂ္ဂလိကဆေးရုံ နောက်ပျောဘက်မှာရှိတဲ့ ဂိမ်းဆိုင် တဆိုင် ဓားပြတိုက်ခံရတယ် ၊ ဂိမ်းကစားနေတဲ့ လူတွေဆီက ဖုန်းနဲ့ ပိုက်ဆံတွေပါသွားတယ် ၊ အဲ့ဒါကြောင့် မုံရွာမြို့ပေါ်မှာ ၄ ရက်ဆက်တိုက် ဓားပြတိုက်ခံရပြီး အိမ်ရှင် ၁ ဦး သေဆုံးခဲ့တာဖြစ်တယ် “လို့ မုံရွာမြို့ခံ တယောက်က ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ ဓားပြတိုက်ခံရတဲ့ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဓားပြတိုက် လုယက်ခံရတာတွေနဲ့ လူပြန်ပေးဆွဲတာတွေဖြစ်တယ်လို့ ကြားသိရတယ် ၊ နစ်နာသူ ကာယကံရှင်တွေက တရားဝင် တိုင်တန်း အမှုလာဖွင့်တာတော့ အခုထိ မရှိသေးဘူး”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မုံရွာမြို့ ၊ အေးသာယာရပ်ကွက်ထဲမှာနေတဲ့ တွဲဘက်မြို့နယ်တရားသူကြီးရဲ့ နေအိမ်ကို မျက်နှာဖုံးစွပ် လူငယ် ၄ ဦးဝင်ရောက်လာပြီး တွဲဘက်မြို့နယ်တရားသူကြီးရဲ့ ညီမဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၀ ရက် ညပိုင်းကလည်း မုံရွာမြို့ ၊အလယ်ရပ်ကွက်မှာနေတဲ့ မြို့နယ်စည်ပင်သာယာ ဌာန ဒုဦးစီးမှူးရဲ့နေအိမ်ကို မျက်နှာဖုံးစွပ် လူငယ် ၅ ဦး ဝင်ရောက်လာပြီး စည်ပင် ဒုဦးစီးမှူးဆိုသူကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မုံရွာမြို့ပေါ်မှာ ၊ မြို့ပြလူနေရပ်ကွက် ၃၁ ရပ်ကွက်ရှိပြီး အဲ့ဒီ ရပ်ကွက်တွေထဲမှာ ပြီးခဲ့တဲ့ ၂၀၂၂ တုန်းက ဓားပြတိုက် လုယက်မှုဖြစ်စဥ် ၂၀ ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ဓားမြမှု

Related posts

Leave a Comment

VOM News

FREE
VIEW