ဘုရားသုံးဆူက လဝက၊စည်ပင်၊စရဖရုံး အပါအဝင် ထွေ/အုပ်ရုံးတွေ မီးလောင်ပျက်ဆီးခဲ့

ဇန်နဝါရီ ၂၄ – ၂၀၂၃
GG(VOM)

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ် ၊ဘုရားသုံးဆူမြို့မှာ မနေ့ ဇန်နဝါရီ၂၃ ရက် ညပိုင်းက ဌာနဆိုင်ရာရုံး ၄ရုံး မီးလောင်ပျက်ဆီးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်အုပ်ရေးဦးစီးဌာနရုံး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနရုံး၊ စည်ပင်သာ ယာရေးရုံးနဲ့ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံး(စရဖ) ရုံးတွေ မီးလောင်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာ ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

” မနေ့ကည ၉ နာရီကျော်လောက်မှာ စုပေါင်းရုံးနေရာဝန်းထဲက ရုံးတွေမီးလောင်တယ်၊နောက်တော့ နှစ်ဘက်တိုက်ပွဲတွေဖြစ်တယ်။ ပစ်ခတ်တာတွေ၊လက်နက်ကြီးပစ်တာတွေ တညလုံးပဲ။ရုံး၄ခုလုံးကတော့ အကုန်ပျက်စီးသွားတာ၊ ပုံတွေလည်းတွေ့ရတယ်။ အဲ့ဒီနေရာက ဝန်ထမ်းတွေမရှိတော့ဘူး အဆောက်အဦကြီး သက်သက်ရှိတော့တဲ့နေရာပါ “လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီရုံးတွေ မီးရှို့ဖျက်ဆီးမှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့ ဒေသခံတွေကဆိုပေမယ့် သူတို့အနေနဲ့ကတော့ ဘုရားသုံးဆူကိစ္စနဲ့ပတ်သက်လို့ အခုချိန်ထိ သတင်းထုတ်ပြန်တာမျိုးမရှိသေးတာကို တွေ့ရပါတယ်။

မနေ့ညက ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေထဲမှာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိနိုင်တယ်လို့ သိရပေမယ့် ဒဏ်ရာရစာရင်းကိုတော့ အတိကျမသိရသေးပါဘူး။

ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ နယ်မြေဟာ
ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်နယ်မြေဖြစ်ပြီး အဲ့ဒီဘက်မှာ အခုလ ဇန်နဝါရီ ၄ရက်ကစပြီး ကြာအင်းဆိပ်ကြီးမှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန် နေလို့ ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူလမ်းကို ခရီးသည်တင်ကားတွေ ဇန်နဝါရီ ၁၆ ကစပြီး မနေ့က ဇန်နဝါရီ၂၃ ရက်နေ့အထိ သွားလာခြင်းလုံး၀မပြုဖို့ KNU ဒူးပလာယာခရိုင်က အသိပေး ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

#voiceofmyanmar #VOM #ကြာအင်းဆိပ်ကြီး #ဌာနဆိုင်ရာရုံးတွေ #မီးလောင်ပျက်စီး

Related posts

Leave a Comment

VOM News

FREE
VIEW