တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် လူဝင်လူထွက်ဂိတ် ဖြစ်တဲ့ မူဆယ် နန်းတော်ဂိတ် ပြန်ဖွင့်

ဇန်နဝါရီ ၂၅၊ ၂၀၂၃
Shy V(VOM)

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် လူဝင်လူထွက်ဂိတ်ဖြစ်တဲ့ မူဆယ် နန်းတော်ဂိတ်ကို ဒီမနက် ဇန်နဝါရီ ၂၅ ရက်နေ့ မနက် အစောပိုင်းက ဖွင့်လှစ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့ည အကြောင်းကြားလာတယ်။ ညတွင်းချင်း အီးမေးလ် ပို့လာတယ်။ မနက်ဖြန် ဖွင့်မယ်ပေါ့၊ နန်းတော် လူဝင် လူထွက်ဂိတ် ဖွင့်တာနဲ့ ပတ်သက်ပြီး လူအဝင်၊ အထွက် ဘယ်လိုလုပ်ရမယ်၊ စာအုပ်တွေကို ဘယ်လိုထုတ်ပေးမယ်ဆိုတဲ့ တိကျတဲ့ ထုတ်ပြန်ချက်တော့ ထုတ်ထားတာမရှိပေမယ့် ရုံးတက်၊ ရုံးဆင်းအချိန်တော့ ခါတိုင်းလို အချိန်ဇယားနဲ့ပဲ သွားမှာဖြစ်တယ်။”လို့ နှစ်နိုင်ငံ နယ်စပ် တာဝန်ရှိသူတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကျောက်ကုန်သည်တဦးကလည်း ” နန်းတော်ဂိတ်ပေါက်ဖွင့်ပြီနော်။ စာအုပ်တွေလည်း လုပ်ပေးနေပြီ။ နန်းတော်ပေါက်မှာ။ ဒီမနက်ပဲဖွင့်လိုက်တာ”လို့ ပြောပါတယ်။

လက်ရှိ နယ်စပ်ဖြတ်ကျော်ခွင့် (Boarder Pass) စာအုပ်အနီကိုတော့ မူဆယ် အိမ်ထောင်စုနဲ့ နေထိုင်သူတွေကိုသာ ထုတ်ပေးတယ်လို့ သိရပါတယ်။

“ဖွင့်တော့ ဖွင့်တယ်။ လူဝင်လူထွက်က ဘယ်လိုလာအုံးမယ် မသိသေးဘူး။” လို့ နယ်စပ်ဒေသခံ တဦးက ပြောပါတယ်။

လက်ရှိမှာတော့ စာအုပ်လုပ်တဲ့ ကုန်ကျစရိတ် တအုပ်ကို ယွမ် တစ်ထောင်၊ မြန်မာငွေ လေးသိန်းကျော်ခန့် ကုန်ကျမှာဖြစ်တယ်လို့ သတင်းတွေ ပြန့်နေပေမယ့် စာအုပ်တွေက လုပ်နေဆဲဖြစ်တာမို့ ကုန်ကျစရိတ် အတိအကျကိုတော့ မသိရသေးဘူးလို့ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်လာလုပ်နေသူ အမျိုးသား တဦးက ပြောပါတယ်။

ဒါ့အပြင် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် ရရှိထားပြီး ကားသေးနဲ့ဝင်မယ့်သူတွေကိုလည်း ဆင်ဖြူပေါက် ကနေ ဒီနေ့ ဇန်နဝါရီ ၂၅ ရက်နေ့ကစ အဝင်အထွက်ခွင့်ပြုပြီလို့ ဆင်ဖြူပေါက်မှာ တာဝန်ကျ ဝန်ထမ်းတဦးက ပြောပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းအထိတော့ နန်းတော်ဂိတ်ပေါက် နဲ့ ဆင်ဖြူဂိတ်ပေါက်တွေကနေ နှစ်ဖက် အဝင် အထွက် ဘာမှမရှိသေးဘူးလို့ အဲဒီ ဂိတ်ပေါက်တွေမှာ တာဝန်ကျတဲ့ ဝန်ထမ်းတွေက ပြောပါတယ်။

မူဆယ် နန်းတော်-ကျယ်ဂေါင်ဂိတ် ကနေ အဓိက လူအဝင်အထွက် ခွင့်ပြုမှာဖြစ်ပြီး ဆင်ဖြူ-ကျယ်ဂေါင်ပေါက် ကနေတော့ ယာဉ်အသေးတွေ ဝင်ထွက်ခွင့်ပြုမှာ ဖြစ်ကြောင်း မန့်ဝိန်း – ကျယ်ဂေါင်ပေါက်ကနေတော့ ၆ ဘီး ယာဉ် သီးသန့် ဝင်ထွက် ခွင့်ပြုသလို ကျင်းစန်းကျော့-ဝမ်တိန် ဂိတ်ကနေတော့ တွဲကားတွေနဲ့ ၈ ဘီးနဲ့ အထက် ပုံမှန် ဝင်ခွင့် ပြုထားတယ်လို့ သိရပါတယ်။

မူဆယ် နန်းတော်ဂိတ် နဲ့ ဆင်ဖြူဂိတ်တွေကိုတော့ ကိုဗစ်ကာလပတ်လုံး နှစ်နိုင်ငံ နယ်စပ်အစိုးရအနေနဲ့ လူ လွဲပြောင်းပေးတာကလွဲလို့ နှစ်ချီ ပိတ်ခဲ့ရာ ဒီနေ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ပြန်ဖွင့်လိုက်တာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မူဆယ် #နန်းတော်ဂိတ်ပြန်ဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW