မရမ်းကုန်းမှာ လင်မယားနှစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ပစ်သတ်ခံရ

ဇန်နဝါရီ ၂၅ – ၂၀၂၃
SN (VOM)

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာ ဒီနေ့ ဇန်နဝါရီ ၂၅ ရက်နေ့၊ မနက် ၈ နာရီခွဲ ဝန်းကျင်က လင်မယားနှစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ့ လင်မယားနှစ်ဦးဟာ မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်၊ ၂ လမ်းသွယ်ထိပ်က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေစဉ် အမည်မသိလူတချို့က လာရောက်ပစ်သတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“နှစ်ယောက်လုံး အဲ့ဒီနားမှာပဲ ပွဲချင်းပြီး သေသွားတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီး သိပ်မကြာဘူး၊ စစ်တပ် ရောက်လာတယ်။ အဲ့ဒီနားမှာ CCTV တွေလည်း တပ်ထားတော့ CCTV တွေကို စစ်ဆေးတာတွေလည်းလုပ်တယ်။ လမ်းသွားလမ်းလာတွေကိုလည်း စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့ပါတယ်“လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်သတ်ခံရတဲ့သူတွေဟာ မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်မှာ နေထိုင်သူတွေလို့ သိရပြီး အမျိုးသားမှာ ဦးခေါင်း ကျည်ထိမှန်ဒဏ်ရာတချက်၊ အမျိုးသမီးကတော့ ဦးခေါင်းနဲ့ ရင်ဘတ်မှာ ကျည်ထိမှန်ဒဏ်ရာ တစ်ချက်စီနဲ့ အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးခဲ့ကြပြီး လက်ရှိမှာ ရုပ်အလောင်းတွေကို မြောက်ဥက္ကလာပ ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး တချို့လူမှုကွန်ယက်စာမျက်နှာမှာတော့ သေဆုံးသူအမျိုးသားဟာ ဗိုလ်မှူးဟောင်းတဦးဖြစ်တယ်လို့ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်ကလည်း မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်က လ၀ကရုံးထဲကို အိတ်အမည်းနဲ့ ဗုံးပစ်သွင်းမှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #လူနှစ်ဦးပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW