ရန်ကုန်တိုင်းက City Taxi စတစ်ကာသင်္ကေတတွေ မြို့နယ်အလိုက် ပြောင်းလဲအုံးမယ်

ဇန်နဝါရီ ၂၅ – ၂၀၂၃
SN (VOM)

ရန်ကုန်တိုင်းအတွင်းက City Taxi မှတ်ပုံတင်ထားတဲ့ ယာဉ်တွေကို မြို့နယ်အလိုက် စတစ်ကာသင်္ကေတတွေ ပြောင်းလဲသတ်မှတ်ဖို့ စီစဉ်နေတယ်လို့ တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က သိရပါတယ်။

ကော်မတီအနေနဲ့ လက်ရှိမှာ ရန်ကုန်တိုင်းအတွင်း ခရိုင် ၄ ခုကိုအခြေခံပြီး City Taxi နံပါတ်တွေကို E, W, S, N စတဲ့ သင်္ကေတတွေ သတ်မှတ် တပ်ဆင်ထားတာ ဖြစ်ပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ လက်ရှိ ပြောင်းလဲပြင်ဆင် သတ်မှတ်ထားတဲ့ ခရိုင် ၁၄ ခု ကိုယ်စားပြု မြို့နယ် ၄၅ မြို့နယ် အစဉ်အလိုက် YGN-1/0001 မှစတင်ကာ YGN-2/0002, YGN-3/0003, YGN -4/0004 အစရှိတဲ့ နံတ်တွေနဲ့ ပြောင်းလဲ သတ်မှတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“အလုပ်ကရှုပ်ဦးမယ်၊ အဲ့ဒါသွားပြောင်းနေရရင် အချိန်ကကုန်ဦးမယ်။ နယ်လိုင်စင်တွေ ရန်ကုန်မှာဆွဲနေတာကျတော့ ကြပ်ကြပ်မတ်မတ်မလုပ်ဘူး။ တကယ်အရေးမကြီးတာတွေတော့ လုပ်နေတယ်။ အုံနာသမားတွေအတွက် ဘာမှမဖြစ်ပေမယ့် ကားငှားပြီး မောင်းနေရတဲ့ ကျွန်တော်တို့ယာဉ်မောင်းတွအတွက်က ကားတရက်မဆွဲရရင်တရက် အိမ်အတွက် ဈေးဖိုးထိတယ်။ အဲ့တော့ ပြောင်းချင်သလိုပြောင်း၊ ဒါပေမယ့် အချိန်မကုန်ဘဲ မြန်မြန်ပြီးပြတ်တာပဲ လိုချင်တယ်။ မနက်တပိုင်းနဲ့ပြီးသွားရင် နေ့ခင်းတပိုင်း ပိုက်ဆံရှာစားလို့ရတယ်“ လို့ အငှားယာဉ်မောင်းတဦးက ပြောပါတယ်။

အခုလို City Taxi ယာဉ်တွေရဲ့ ဘေးစတစ်ကာသင်္ကေတတွေ ပြောင်းလဲသတ်မှတ်တာက City Taxi တွေ စည်းကမ်းရှိစွာ စနစ်တကျပြေးဆွဲနိုင်ဖို့၊ မြို့တော်အင်္ဂါရပ်နဲ့ညီတဲ့ City Taxi တွေဖြစ်ဖို့နဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားတွေအတွက် ဘေးကင်းလုံခြုံ စွာ ဝန်ဆောင်မှု ပေးနိုင်စေဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ YRTC ဘက်က အသိပေး ပြောဆိုထားပါတယ်။

ဒါ့အပြင် သက်တမ်းလွန်နေတဲ့ City Taxi တွေကို ဒဏ်ကြေးကင်းလွတ်ခွင့်နဲ့ သက်တမ်းတိုးပေးမယ်လို့လည်း YRTC က အသိပေး ကြေညာထားပြီး အဲ့ဒီအတွက် ယာဉ်သက်တမ်းတိုး မှတ်ပုံတင်ကြေးကို ငွေကျပ် ၃၀၀၀ ၊ ယာဉ်မောင်း ကတ်အတွက် ငွေကျပ် ၆၀၀ ၊ ကတ်ထည့် Stand များအတွက် ငွေကျပ် ၃၅၀၀ နဲ့ City Taxi နံပါတ် စတေကာအတွက် ငွေကျပ် ၁၄၀၀ စုစုပေါင်း ၈၅၀၀ သာ သတ်မှတ် ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

YRTC အနေနဲ့ လက်ရှိမှာ သက်တမ်းလွန်ဒဏ်ကြေးကို ၁ နှစ်မပြည့်‌သေးတဲ့ ကားတွေအတွက် ၅၀၀၀ ကျပ်၊ ၁ နှစ်အတိဆိုရင် ၈၀၀၀ ကျပ်နဲ့ ၁ နှစ်အထက် သက်တမ်းကျော်လွန် ကားတွေကိုတော့ ၁၅၀၀၀ ကျပ် သတ်မှတ် ကောက်ခံနေတာဖြစ်ပါတယ်။

“သူတို့ လျှော့ပေါ့ပေးလိုက်တဲ့ ပမာဏက ဘယ်လောက်မှ မထူးပါဘူး။ ကျွန်မတို့ကတော့ ပိုက်ဆံသက်သာဖို့ထက် သက်တမ်းတိုးကို အချိန်မြန်မြန်နဲ့ပြီးဖို့ကိုပဲ လိုချင်တာ။ City Taxi က လိုင်စင်ဝင်တာထက်တောင် ဆိုးသေးတယ်။ အချိန်ကြာတယ်၊ အလုပ်ရှုပ်တယ်။ အခုက သူတို့ ပိုက်ဆံလိုချင်တာနဲ့ပဲ တခုပြီးတခု လျှောက်ပြောင်းနေတာ။ တက္ကစီတစီးကို ၈၀၀၀ နဲ့တွက်ဦး၊ သူတို့အတွက်က မနည်းဘူး“ လို့ ယာဉ်ပိုင်ရှင်တဦးက ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ အငှားယာဉ်တွေအနက် City Taxi မှတ်ပုံတင်ထားပြီး သက်တမ်း ကျော်လွန်နေတဲ့ ယာဉ်တွေရှိနေတာကြောင့် YRTC က ကြီးမှူးပြီး ဒဂုံ (မြောက်ပိုင်း) မြို့နယ်၊ ပင်လုံလမ်းမှာရှိတဲ့ ရန်ကုန် City Taxi အသင်းရုံးမှာ သက်တမ်းတိုး ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စာရင်းတွေအရ ရန်ကုန်တိုင်းအတွင်းမှာ City Taxi မှတ်ပုံတင်ထားတဲ့ အငှားယာဉ် စုစုပေါင်း ၆၅,၀၀၀ ကျော်ခန့် ရှိတယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ရန်ကုန် #CityTaxiစတစ်ကာ #ပြောင်းလဲမယ်

Related posts

Leave a Comment

VOM News

FREE
VIEW