MRTV-4နဲ့ မြဝတီ သတင်းထောက်ဆိုသူ အမျိုးသား တဦး ဘိလိယက်ခုံမှာ ပစ်သတ်ခံရ

ဇန်နဝါရီ၊ ၂၅-၂၀၂၃
MM(VOM)

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်မှာ MRTV-4 ရုပ်သံနဲ့ မြဝတီ သတင်းစာရဲ့သတင်းထောက် ဆိုသူ အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အမှတ် (၃) ရပ်ကွက်မှာ နေထိုင်တဲ့ အရင်က MRTV-4 ရုပ်သံနဲ့ မြဝတီသတင်းစာက သတင်းထောက်ဆိုသူ လင်းလင်းထွန်းဟာ မနေ့ ဇန်နဝါရီ ၂၄ ရက် ညနေ ၃ နာရီလောက်က ဇင်းဘာလမ်း ဆောက်လုပ်ရေးရုံးအနီး ဘိလိယက်ခုံမှာ ရှိနေချိန် ဆိုင်ကယ် ၂ စီးနဲ့လာတဲ့လူတွေက သေနတ်နဲ့ ပစ်သတ်သွားတာလို့ နီးစပ်သူ သတင်းသမားတယောက်ကပြောပါတယ်။

”အရင်က MRTV-4 မှာလုပ်တယ်တဲ့ အခုတော့ မြဝတီသတင်းစာမှာ ရေးနေတာလို့ သိရတာပဲ ၊ ဆိုင်ကယ်နဲ့ လာတဲ့ ၄ ယောက်အဖွဲ့က သေနတ်နဲ့ အကြိမ်ကြိမ် ပစ်သတ်သွားတာ ၊ ဘိလိယက်ခုံမှာ ပစ်ခံရတာ ၊တစ်ခါထဲဆုံးသွားတာပဲ၊ သေသွားတာကို ကြည့်ပြီးမှ သေနတ်သမားတွေက ပြန်ထွက်သွားတာ ၊ဘယ်သူ ဘယ်အဖွဲ့ကလည်းဆိုတာကတော့ မသိသေးပါဘူး ၊ စစ်တပ်ကတော့ လာစစ်ဆေးသွားတယ်”လို့ သူက ပြောပါတယ်။

အဲ့ဒီ သေဆုံးသွားတဲ့ အလောင်းကို အရေးပေါ်လူနာတင်ကားနဲ့ လာသယ်သလို သေနတ်ပစ်သတ်မှုဖြစ်ပွားတဲ့နေရာကိုလည်း စစ်ကား ၁ စီးနဲ့ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

”အလောင်းကို စစ်ကားနဲ့ တပါးထဲ ပါလာတဲ့ လူနာတင် ကား ၁ စီးနဲ့ သယ်သွားတာတွေ့ရတယ် ၊ အိမ်တွေထဲလည်း လိုက်စစ်သွားတယ် ၊ သေနတ်သမားတွေ ဘယ်ကိုမောင်းထွက်တယ်ဆိုတာသိလား တွေ့လိုက်လားလို့ မေးသွားတယ် ၊ သူက အခုတော့ မြဝတီ သတင်းထောက်လုပ်နေတာတဲ့ ၊ မြဝတီ သတင်းစာမှာရေးနေလို့ သတ်တာလို့ ထင်တယ် ၊ သေနတ်သမားတွေက သေနတ်နဲ့ ၇ ချက်လောက် ပစ်သတ်သွားတာ။”လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံ တယောက်ကပြောပါတယ်။

ရေဖြူမြို့နယ်မှာတော့ အခုလို သတင်းထောက်ဆိုသူ သေနတ်နဲ့ ပစ်သတ်ခံရတာဟာ ပထမဆုံးပဲလို့ ဒေသခံတွေနဲ့ သတင်းသမားတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ကတော့ စစ်ကိုင်းတိုင်း ၊ ကလေးမြို့မှာ သတင်းထောက် လင်မယား ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရသေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ရေးပြောင်းလဲမှု ဖြစ်စဉ်တွေ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၁ခုနှစ်က ရန်ကုန်တိုင်း ၊ လှိုင်သာယာမှာ သတင်းရယူနေတဲ့ သတင်းထောက် ၂ ဦး အသတ်ခံခဲ့ရသေးတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ရေဖြူ #သတင်းထောက်တဦး #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW