ကျိုက်ထိုမှာ ရထားလမ်းအချို့ မိုင်းခွဲခံရလို့ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေ ယာယီဖျက်သိမ်းပြန်

ဇန်နဝါရီ ၂၇ – ၂၀၂၃
SN (VOM)

မွန်ပြည်နယ်၊ ကျိုက်ထိုမှာ ရထားလမ်းသံတံတား မိုင်းခွဲခံရလို့ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေကို ယာယီဖျက်သိမ်းလိုက်ပြီး တိုက်ရိုက်ပြေးဆွဲခြင်းမျိုး မပြုလုပ်နိုင်သေးတဲ့အတွက် လွန်းပျံပုံစံမျိုး ပြေးဆွဲဖို့ စီစဉ်နေတယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။

အဲ့ဒီ့ ရထားလမ်းပိုင်းမှာ ဇန်နဝါရီ ၂၆ ရက်နေ့၊ မနက် ၄ နာရီဝန်းကျင်က ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာ-ခလွန် ရထားလမ်းသံတံတား (တံတားအမှတ် BR 41 ) ဖောက်ခွဲခံရတဲ့အတွက် ပျက်စီးမှုကြုံခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ရန်ကုန်ကနေ မနက်ပိုင်းထွက်ခွာလာတဲ့ အမှတ် ၈၉ အဆန် ရန်ကုန်-မော်လမြိုင် ရထားမှာ မုပ္ပလင်ဘူတာတွင်လည်းကောင်း၊ မော်လမြိုင်မှ မနက်ပိုင်းထွက်ခွာလာတဲ့ အမှတ် ၉၀ အစုန်ရထားမှာ ကျိုက္ကသာဘူတာမှာလည်းကောင်း ရပ်တန့်ပြီး ခရီးသည်တွေ ရထားချိန်းကာ စီးနင်းခဲ့ရတယ်လို့ သိရပါတယ်။

မိုင်းခွဲခံရတဲ့ ဖြစ်စဉ်ကြောင့် ဒီနေ့ ဇန်နဝါရီ ၂၇ ရက်မှစတင်ကာ ရထားခရီးစဉ်တွေကို ယာယီဖျက်သိမ်းလိုက်ပြီး အဲ့ဒီ့ ခရီးစဉ်တွေအတွက် ရထားလက်မှတ်ဝယ်ယူထားသူတွေကိုလည်း လက်မှတ်ခငွေ‌များ ပြန်လည် ထုတ်ပေးနေတယ်လို့ မော်လမြိုင်ဘူတာကြီးရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် အသိပေး ကြေညာထားပါတယ်။

“မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းအတွင်း
မုပ္ပလင်ဘူတာနဲ့ ကျိုက္ကသာဘူတာကြား ရထားလမ်း တံတားကြံခိုင်မှု အခြေနေကြောင့် ရထားဖြတ်သန်းလို့ မရတဲ့အတွက် ၂၇ ရက်နေ့ မော်လမြိုင်ဘူတာမှ ထွက်ခွာမယ့် အမှတ် ၈၂ အစုန် RBE ရထားနဲ့ အမှတ် ၉၀ အစုန် လေအိတ်အမြန်ရထား ခရီးစဥ်တွေကို ယာယီဖျက်သိမ်းလိုက်ပါတယ်။ တံတားကို မြန်မာ့မီးရထား တာဝန်ရှိသူတွေ အမြန်ဆုံးပြင်ဆင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး လမ်းပိုင်းပြန်ပွင့်ပြီး ရထားတွေ ပြန်လည်ပြေးဆွဲရင် အချိန်နဲ့တပြေးညီ ပြန်လည်တင်ပြသွားမှာ ဖြစ်ပါတယ်“လို့ အဲ့ဒီ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

အမည်ထုတ်ဖော်ပြောကြားခြင်းမရှိတဲ့ အဖွဲ့အစည်းတခုက အဲ့ဒီသံလမ်းတံတားကို မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

“လမ်းပြင်ဖို့ ၇ ရက်ခန့် လောက်ကြာမယ်လို့ သိရတယ်။ ဒီလမ်းပိုင်းမှာက ဖောက်ခွဲခံရတာ၊ မိုင်းဆွဲခံရတာတွေ ခဏခဏဖြစ်နေတော့ ရှေ့လျှောက် စိတ်ချရပါ့မလားတောင် မသိဘူး။ မနေ့ကလည်း တံတားပေါ်ဖြတ်မရလို့ လမ်းဆင်းလျှောက် ရထားချိန်းပြီး ပြန်ထွက်ရတယ်။ မဖြစ်လို့သာ ခရီးသွားရတာ၊ သွားရလာရ အတော်ဒုက္ခရောက်ပါတယ်“လို့ ခရီးသွားပြည်သူတဦးက ပြောပါတယ်။

လက်ရှိမှာ လမ်းပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့အတွက် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေကို အဆင်ပြေမယ့် နေရာအထိသွားနိုင်မယ့် လွန်းပျံပုံစံမျိုး ပြေးဆွဲဖို့ စီစဉ်နေပြီး နေရာသတ်မှတ်ချက်တွေအတွက် ဆွေးနွေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အရင်ကလည်း အဲ့ဒီ ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရမှု ၃ ကြိမ် ဖြစ်ပွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက သထုံမြို့နယ် ကလိကျွန်းကျေးရွာနဲ့ တံတားဦးကျေးရွာကြားမှာ ရထားတစင်းမိုင်းဆွဲခံခဲ့ရပါတယ်။

အခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်ကလည်း သထုံမြို့နယ်၊ ဂေါကျေးရွာမှာ ကုန်တင်ရထားတွဲမိုင်းဆွဲခံခဲ့ရသလို ဇန်နဝါရီ ၁၀ ရက်နေ့မှာတော့ ပေါင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာနားမှာ ကုန်တင်ရထားတွဲ မိုင်းဆွဲခံခဲ့ရပါ‌တယ်။

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရထားလမ်းပိုင်းမှာ လမ်း၊ တံတားနဲ့ ရထားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေ မကြာခဏရှိနေပြီး တိုက်ခိုက်ခံရတဲ့ ရထားတွေကတော့ ကုန်တင်ရထားတွေဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကျိုက်ထို #ရန်ကုန်-မော်လမြိုင်ရထားခရီးစဥ်တွေ #ယာယီဖျက်သိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW