ရခိုင်မှာ ရက်ပိုင်းအတွင်း မိုင်း (၂) ကြိမ်ပေါက်ကွဲပြီး ၂ ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရ

ဇန်နဝါရီ ၂၇- ၂၀၂၃
SW(VOM)

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ရပ်တန့်နေတဲ့ကာလမှာ ဒီရက်ပိုင်းအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေ ကြုံတွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်နယ်တွင်းမှာ မနေ့ ဇန်နဝါရီ၂၆ ရက်က ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းမှာတကြိမ်နဲ့ ဒီကနေ့ ဇန်နဝါရီ၂၇ ရက် မင်းပြားမြို့နယ်မှာ တကြိမ်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ မင်းပြားမြို့နယ်၊ ရာမောင်တံတား၊ အရှေ့ဘက်တောင်တန်းအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အသက်ကြီးပိုင်းအမျိုးသားတဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲရာကနေ သေဆုံးသွားသူဟာ အသက် (၅၆) နှစ်အရွယ် ဖားပြိုကျေးရွာသား ဦးသန်းရွှေမောင် ဖြစ်ပြီး လက်လုပ်လက်စားတဦးဖြစ်ကာ လယ်လုပ်၊ ထင်းရှာ၊ ငါးဖမ်း စတဲ့အလုပ်တွေကို လုပ်ကိုင်သူတဦးဖြစ်တယ်လို့ သိရပါတယ်။

သူသေဆုံးသွားတာနဲ့ ပတ်သက်ပြီး ဖားပြိုကျေးရွာ တာဝန်ရှိသူတဦးက “ရွာနဲ့လည်းနီးတော့ သားမယားတွေက လင်ဖြစ်သူ ထင်းခွေသွားတာလည်း သိတော့ မိုင်းပေါက်တယ်ဆိုတာနဲ့ ရွာသားတွေကို ခေါ်ပြီး သွားကြည့်တဲ့အခါ မိုင်းထိပြီး အော်နေတာတွေ့ရတယ်။ ခဏအကြာမှာတော့ သေဆုံးသွားပါတယ်။ ” ပြောပါတယ်။

ဝမ်းဗိုက်အောက်ကနေ ခြေအထိ မိုင်းစထိမှန်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ဒီကနေ့မှာပဲ ချက်ချင်းသင်္ဂြိုလ်လိုက်ပြီး မင်းပြားဆေးရုံနဲ့ မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတွေကလည်း သင်္ဂြိုလ်ဖို့ ခွင့်ပြုတယ်လို့ သူက ဆက်ပြောပါတယ်။

“အခု ကျနော်တို့က ဒီနေရာတွေမှာနေရတာ စိုးရိမ်မှုရှိပါတယ်။ အပစ်အခတ်ရပ်ထားလို့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လာပြီးခါမှ လျှပ်စစ်မီးကလည်း အချိန်မှန်မရတဲ့အခါ ထင်းကိုပဲအားထားပြီး ထင်းခွေရတယ်။ ဒါကြောင့် အန္တရာယ်တွေက မကင်းရှင်းဖြစ်နေပါတယ်၊ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ဒေသခံတွေဟာ ကျီးလန့်စာစားဆိုသလို အကြောက်တရားနဲ့ သွားလာနေရပြီး အခုလို မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေအပေါ် စိုးရိမ်မှုရှိတယ်” အဲဒီ ကျေးရွာတာဝန်ရှိသူက ပြောပါတယ်။

မနေ့ ဇန်နဝါရီ၂၆ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းကျေးရွာကနေ ထင်သွားခုတ်တဲ့ လေးငယ်သုံးဦးဟာ မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲရာကနေ ကလေး ၁ ဦးသေဆုံးသွားပြီး ၃ ဦးဟာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားတယ်လို့ ကျေးရွာတာဝန်ရှိသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေ သေဆုံးဒဏ်ရာရရှိမှုတွေကို ကြုံတွေ့နေရပြီး ဒီလိုဖြစ်ရပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်း တပ်နဲ့ အေအေတို့ရဲ့ စစ်ရေးပဋိပက္ခကာလကနေ လက်ရှိအချိန်ထိ ကြုံတွေ့နေရတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရခိုင် #မိုင်းပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW