ဟိုပင်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ လူ(၁)ဦးသေ၊ (၁)ဦးဒဏ်ရာရရှိ

ဇန်နဝါရီ၊၂၈-၂၀၂၃
MM(VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ထဲက နန့်ရင်းရွာမှာ မနေ့ ဇန်နဝါရီ ၂၇ ရက်က လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲလို့ လူ (၁)ဦး သေဆုံးကာ (၁)ဦးဒဏ်ရာရရှိသွားခဲ့ရတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ အသက် ၁၈ နှစ် ကျော်ကျော်ရှိ မောင်စိုင်းစိုင်းဖြစ်ပြီး ဒဏ်ရရှိသူမှာ အသက် ၅၀ ဝန်းကျင်အရွယ် မိခင်ဖြစ်သူ ဒေါ်မိကြည်ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ သားအမိ ၂ ယောက်က ဟိုပင်မြို့၊နန့်ယန်းရွာသားတွေဖြစ်ပြီး လယ်ယာလုပ်ဖို့သွားတဲ့အချိန် နန့်ရင်းရွာ တံတားအနီးအရောက်မှာ လက်နက်ကြီးကျည်ထိမှန်ခဲ့တာလို့ ဒေသခံပရဟိတအဖွဲ့ဝင်တယောက်ပြောပါတယ်။

”တံတားအနီးမှာဖြစ်တာ သူတို့က သားအမိ ၂ ယောက် လာတာပါ ၊ ကောင်လေးက တစ်ခါတည်း သေဆုံးသွားတယ်၊ အမေဖြစ်တဲ့သူကတော့ ဒဏ်ရာရရှိခဲ့တယ် ၊လယ်ထဲကို အလုပ်သွားဖို့ ထွက်လာရင် ဖြစ်သွားတာတဲ့ ၊အခုလို အများပြည်သူတွေနဲ့ နီးစပ်တဲ့ နေရာတွေမှာ ဒါမျိုးဖြစ်စဉ်တွေက မရှိသင့်ဘူးထင်တယ် ၊ တိုက်ပွဲတော့ ဖြစ်တာမရှိဘူး ၊ ဘယ်အဖွဲ့ရဲ့ လက်ချက်လည်းတော့ မသိဘူး။”လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုကြောင့် သေဆုံးသူရဲ့ မိခင်မှာ
ခြေနှစ်ဖက်လုံးကြေသွားတယ်လို့ သိရပြီး ရရှိထားတဲ့ ဒဏ်ရာတွေပြင်းထန်တာကြောင့် ဟိုပင်ဆေးရုံကနေ တဆင့် မြစ်ကြီးနားဆေးရုံကြီးကို လွှဲပြောင်းတင်ပို့ထားရတယ်လို့ သိရပါတယ်။

မိုးညှင်းမြို့နယ်မှာ ၂၀၂၃ခုနှစ် စပိုင်းမှာ အခုလို လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲမှုကြောင့် လူသေ ဆုံးရတဲ့အထိဖြစ်တာဟာ ပထမဆုံးပဲလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်ကလည်း မိုးညှင်းမြို့နယ် ၊နမ္မားမြို့မှာ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းတွေလိုက်ကောက်နေတဲ့ ကြံ့ခိုင်ရေးပါတီဝင်ဆိုသူ ဦးတင်ညွန့် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရသေးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ ဘူတာစု ရပ်ကွက်မှာ ၂၀၂၂ခုနှစ် မေ ၉ ရက်က ဒေသခံ ရာအိမ်မှူး ၁ ယောက်သေနတ်နဲ့ပစ်သတ်ခံရတဲ့ဖြစ်စဉ်ရှိခဲ့သေးတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ဟိုပင် #လက်နက်ကြီးကျ #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW