သဇင်နှင့် ခွာညို

““ မန်ခန်းကျွန်းတွင်း
စံမြန်းရွှန်းလင်း
မှန်နန်းထွန်းဝင်း၊

ဘုန်းပန်းကြိုင်သင်း
နှန်းနှန်းပြိုင်ရှင်း
ထီးစင်းရာနေ
ခွန်းတော်ခြွေ၊

ဘွေမန်းစက်ဦး
သန်းယှက်ကူး
လေဖျန်းရွက်မြူး။””

(မြင်းခင်းကြိုး-မြဝတီမင်းကြီး ဦးစ)

ပြာသိုမှာ မင်းနေပြည်တော်ခေတ်က မြင်းခင်းသဘင်ထင်ရှားသည်။ပြာသိုလတွင် ရွှေနန်းတော်တွင်း
ဝှဲချီးကျင်းပသော မြင်းခင်းသဘင်များနှင့်ပတ်သက်၍ စာဆိုတော်များက သီချင်းဂီတ အများအပြား စပ်ဆိုခဲ့ကြသည်။
မြင်းခင်းကြိုးများက မြန်မာ့မဟာဂီတ၏ အဆီအနှစ်များဖြစ်ခဲ့သည်။““ ဘုန်းမိုးရွာစွေ သွန်းဖျန်း၊
ရွှေပြည်တော်သာ ငြိမ်းချမ်း””ဟူ၍ စပ်ဆိုသကဲ့သို့ ““မန်ခန်း ကျွန်းတွင်း စံမြန်းရွှန်းလင်း၊
မှန်နန်းထွန်းဝင်း””ဟူ၍လည်း စပ်ဆိုခဲ့ကြသည်။ အလားတူ ““ လာချေပြီ၊မြင်းများခေါင်ဘွေမှာလေ၊ဖြိုးမျှကဲလွန်း”” ဟူ၍လည်း စပ်ဆိုခဲ့ကြသည်။

ထို့ကြောင့် အနုပညာရှင်ကြီး မြို့မငြိမ်းကလည်း ရှေးဘုရင်များလက်ထက်က ထင်ရှားခဲ့သော မြင်းခင်းသဘင်များကို ပြန်လည်အမှတ်ရစေသောငှာ မမေ့မလျော့တမ်းသီချင်းတစ်ပုဒ်စပ်ဆိုခဲ့ပြန်၏။
““ငွေနှင်းမှုန်ရီ၊ဝေစီစီ…..၊မြောက်ပြန်လေညှင်းသွင်းတဲ့လရာသီ၊ သမယအခါဆီ ပြာသိုခွာညို ညှာစိုစိမ်းလဲ့လန်း၊ ရွှေနန်းတော်တွင်း လဲ့ဝင်းမူယာပလီ၊ သူဇာဒေဝီ တော်ဝင်ပန်းကို လှမ်းလို့ချူရှာသည်…..”” ဟူလို။ ဆက်လက်၍ မြင်းခင်းကြိုးက လာချေပြီဟူသော စာသားကို မူတည်၍လည်း““ လာချေပြီ၊ ပျိုတို့မောင်လည်း၊ သူလည်းလာချေပြီ၊ လာချေပြီ၊ မှုန်မှုန်မဲမဲ လူသူမကွဲတကွဲ၊ နှင်းခဲပြာဝေရီ””ဟုလည်း စပ်ဆိုခဲ့သည်။ အခုတော့ မြင်းခင်းသဘင် မရှိတော့။

ပြာသိုမှာ မြင်းခင်းသဘင်ကဲ့သို့ ရှေးယခင်အဆက်ဆက်ကတည်းက မင်းသုံးတော်ဝင်အဖြစ် ထင်ရှားခဲ့သည့် အမှတ်အသားတစ်ခုလည်း ရှိခဲ့သည်။ သဇင်ပန်းပဲဖြစ်ပါသည်။ သဇင်က တောကြီးမျက်မဲထဲ အပင်မြင့်များပေါ်၌ ရှားပါးစွာပါက်ရောက်သော ပင်မြင့်စံပန်းဖြစ်သည်။ ဤသို့ ခက်ခဲနက်နဲစွာ ရှာဖွေရသော ပန်းဖြစ်သည့်အတွက် ရှင်ဘုရင်သို့သာ ဆက်သပြီး တော်ဝင်အဆောင်သယောင် သဖွယ် ဖြစ်ခဲ့သည်။ နှင်းဆွတ် ခွာညို လပြာသိုတဲ့။ မြန်မာတို့၏ အေးချမ်းသာယာမှုပြယုဂ်၊ ချမ်းမြေ့မှူသရုပ်၊ ပြည့်ဝန်း ဝင်းပခြင်း၏ နိမိတ်ပုံတို့ ဖော်ဆောင်သော လပြာသိုပင်ဖြစ်ပါ၏။

ပြာသိုဆိုသည်နှင့် နှင်းမှုံနှင်းစက်နှင်းကန့်လန့်ကာနှင့်အတူ ရာသီပန်ဖြစ်သော ခွာညိုကိုလည်း သတိရကြသည်။ ထို့အတူ တော်ဝင်သဇင်ပန်းကိုလည်း မမေ့လျှော့ခဲ့ကြ။ ပြာသိုလလယ်လျှင်ဖြင့် နှင်းမိုးဖြိုင်ဖြိုင် ကျတတ်ချေသည်။ သည်ဘက်နှစ်တွေမှာ နတ်တော်လပြည့်ကျော်သည်နှင့် အအေးဓာတ်ဝင်လာသည်။
““ပန်းနွယ်ကြိုင်မွှေးပျံ့လေ။ ။ မှိုင်းဝေတက်ရွှန်း နန်းမွန်းလျက် လဝန်းတာရှည် လှိုက်သည်ဝေဆာ
ဆီးနှင်းဖြာသား၊ မကာရခွင်ရောက်ခါတွင်လည်း၊မြင်းဆင်စီစဉ်၊ စွယ်ယှဉ်ဝေ့တိုက်””ဟူ၍ ဆင်ခင်း၊မြင်းခင်းသဘင် ဆင်ယင်ခဲ့ကြသည်က သည်ဆောင်းကာလ ပြာသိုလဖြစ်၏။ ဆင်သူရဲ၊မြင်းသူရဲတို့ကို ဆုလာဘ်များချီးမြှင့်ရာ၌ “ပင်မြင့်သဇင်””ခက်လေးတွေလည်း ပါလာသည် ။ သဇင်သည် သက်သေဖြစ်၏။ ရည်ညွှန်းမှုဖြစ်၏။ သဇင်ခက်နှင့်အတူ ဇာမဏီကဲ့သို့ မြူးကြွားနေသော ဆိုက်ဂိုက်ပေမီ မြင်းထွားမြင်းကောင်းကြီးများ၏ စည်းချက်အစုံ မြင်းခွာသံများကိုလည်း မြင်ယောင် ကြားယောင် လာပါတော့သည်။

စာရေးဆရာကြီးဒဂုန်တရာ၏ ၁၉၅၃ ခုနှစ်တွင် ရေးသားခဲ့သော ““နှင်းဆွတ်ခွာညို””ဟူသည့် ဝတ္ထုတစ်ပုဒ်တွင် ဇာတ်လိုက် စစ်သည်တော် တပ်မှူးလေးကသူ့ ချစ်သူပန်းကြိုက်ပုံကို အမှတ်ရလာသောအခါ
““ဆန်းကြယ်ထူးခြား ပန်းမာန်များကို၊ သနားစုံမက်မွေ့သူ လက်နှင့်၊စုလျက်ရွေး၍ တစေ့စေ့လျှင်
ရှေ့ရှေ့နှိုက်တွင် သင့်အောင်ပြင်မှ ကေသျှင်သွယ်မြ မယ့်ထိပ်စဝယ် ယုယလွန်ကဲ ဆင်စမြဲဖြစ်ရမည်ကို
သတိရလာသည်””ဟု ဖွဲ့နွဲ့ရေးသားခဲ့၏။

ဆရာကြီးဒဂုန်တာရာ၏ ဇာတ်လိုက်က တိုင်းပြည်တာဝန်ဖြင့် စိမ့်ကြီးမြိုင်ကြီးထဲသွားရမည်ဖြစ်သဖြင့် ပြန်လာလျှင် ““မြေကျမြေတွင်၊ဂေါ်သဇင်ကို၊ ရပ်ခွင်မြေတာ၊ နီးပါဘိမူ၊စိမ်းဝါညိုမြ၊ ကတော့လှနှင့်၊ ယုယရည်စောင်၊ မနွမ်းအောင်ဟု၊ဖြူရောင်ပြာညို့၊ သဇင်ဖို့လျှင်””ဟု ချစ်သူကတခုတ်တရမှာ၏။ ခက်ကပြီ..။
ချစ်သူမှာသော သဇင်ပန်းက စခန်းချရာရှေ့တန်းနှင့် လက်တစ်ကမ်း အကွာမှာ ရှိတာမဟုတ်။ ရန်သူ့နယ်မြေထဲမှာပဲ ရှိသည်။ မတတ်နိုင်..။ သို့သော် ချစ်သူမှာလိုက်သော ““သဇင်”” က တုံးပြီ။
စိမ့်ကြီးမြိုင်ကြီးထဲမှာမရှိတော့။. ခွာညိုပန်းသာလှိုက်နေတော့သည့် ကာလဖြစ်၏။
“သွယ်ရှင်နားဆီ၊ခွပြီရစ်စ၊ ရွရွနွမ်းရှောက်၊ ညှိုးခြောက်မဆင် ပျံ့ရွှင်ဆီမွှေး””မည့် ချစ်သူ၏ဆံကေသာထက်တွင် သဇင်အစား ခွာညိုကိုသာ ဆောင်ယူသွားရတော့မည်။ ခွာညိုကလည်း တောစပ်မှာသာရှိ၏။
အန္တရာယ်အများသား။ ဆွတ်ခူးယူဖို့ကလည်း အခက်သား။ မနီးမဝေး လုပ်ဖော်ကိုင်ဖက်များဆီက ““ငြိမ်းချမ်းသာယာတဲ့အိမ် ဘာမှ ပူစရာ၊ စိုးရိမ်စရာမရှိတဲ့ အိမ်ကလေးပေါ့””ဟူသည့် အသံကလေးကို ကြားနေရသည်တဲ့။ သို့သော် ခွာညိုပန်းကို စိတ်မကူးဝံ့အား။ ထို့နောက် ဒုန်းစိုင်းမြင်းခွာအသံ၊ အဝတ်ဖြူစရှည်ကြီးနှင့် ချည်နှောင်ထားသောစာ၊ ထို့နောက်
နှင်းရည်စွန်းစာလုံးများ၊ ထို့နောက် . . . ။ ဤသို့ဖြင့် ငှက်ပျောဖက်စိမ်းကတော့နှင့် လတ်ဆတ်သော၊ ခွာညိုပန်းလေးတွေ မြို့ကြီးသူချစ်သူ၏ လက်ထဲ
ကမ်းဆင့်နိုင်ခဲ့သတဲ့။ ဒါပေမယ့် လက်ထဲရှိ စာတစ်စောင်ကို ကိုင်ထားရင်း တပ်မှူးလေး မျက်ဝန်းမှာ
မျက်ရည်ဝိုင်းနေသည်။ ချစ်သူ့အတွက် တောပန်းခွာညိုကို လက်ဆောင်ပေးနိုင်လို့လား…။ ဒါမှမဟုတ်…
“သူငယ်ချင်းဟင်္သာ…. မင်းတို့ချီတက်လာမယ့် လမ်းကို ငါသိပါတယ်။ ဒါပေမယ့် ဒို့တပ် နေ့လယ်ကတည်းက သည့်ပြင်လမ်းက ရွှေ့သွားပြီ။ ဒို့အတိုက် ဒို့အလာကို စောင့်မနေတော့ဟေ့။ မင်းနဲ့ငါနဲ့ တိုက်ဖို့ဆိုတာ ကျောင်းကတည်းကလည်း သူငယ်ချင်း။ ဂျပန်တော်လှန်ရေးတုန်းကလည်း အတူတူ။ မင်းနဲ့ငါနဲ့တင်လား။ မင်းတို့ရဲ့ စစ်သေနာပတိ ဗိုလ်ချုပ်နေဝင်းနဲ့ ဒို့ရဲ့သေနာပတိ ဗိုလ်ဇေယျ ဆိုတာဟာလည်း လွတ်လပ်ရေးတိုက်ပွဲတွေမှာ ဒိုးတူဘောင်ဘက် လုပ်လာခဲ့ကြသူတွေပါ။ ငါဆိုရင်လည်း ဗိုလ်ချုပ်နေဝင်းရဲ့တပည့် ဖြစ်ခဲ့တာပါပဲကွာ။ ဗိုလ်ချုပ်နေဝင်းပြောသလို နိုင်ငံရေးကိုင်ငံရေးအရ ဖြေရှင်းကြပေစေ။ ဒို့အချင်းချင်းတော့ ဒို့ပြည်ကို ကျူးကျော်လာတဲ့ နယ်ချဲ့ကိုသာ တိုက်ဖို့ကလွဲလို့ အချင်းချင်းတော့ မတိုက်လိုဘူးကွာ။ နိုင်ငံရေးအရ ကွဲလွဲနေတာတွေကို မျက်နှာစုံညီတွေ့ဆုံပြီး အေးအေးဆေးဆေး ဖြေရှင်းနိုင်ကြမယ်ဆိုရင် မကောင်းပေဘူးလား.”တပ်မှူးလေးကလက်ထဲက စာကိုအကြိမ်ကြိမ်ဖတ်ထားလို့ အလွတ်ရလုနေပြီ..။ စာလုံးတွေက၀ဝါးဝါး..။
မျက်ဝန်းမှာက မျက်ရည်တွေလျှံလုလု…

သြော်. . .“ နှင်းဆွတ်ခွာညို ” တဲ့လေ . . .။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW