ပုလောမှာ နေအိမ်ပေါ်လက်နက်ကြီးကျည်ကျလို့ အိမ်ပေါ်မှာ အိပ်နေတဲ့ အမျိုးသမီးတဦးသေဆုံး

ဖေဖော်ဝါရီ ၄-၂၀၂၃
MM(VOM)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ တန်းရှင်းရွာမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့လို့ အိမ်ပေါ်မှာ အိပ်နေတဲ့အမျိုးသမီး(၁)ယောက်သေဆုံးသွားတယ်လို့ ဒေသခံ ပရဟိတအဖွဲ့တွေဆီကနေသိရပါတယ်။

သေဆုံးသူ အမျိုးသမီးဟာ အသက်(၅၅)နှစ်အရွယ် ဒေါ်သန်းသန်းမွန်ဆိုသူဖြစ်ပြီး မနေ့ ဖေဖော်ဝါရီ ၃ ရက် ညအချိန်က သူရဲ့နေအိမ်ပေါ်မှာအိပ်နေတဲ့အချိန် လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲခဲ့တာကြောင့် နံကြားဒဏ်ရာ၊ လည်ပင်းထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးသွားတာလို့ ဒေသခံ ပရဟိအဖွဲ့ဝင် တယောက်က ပြောပါတယ်။

”မနေ့က ညဘက် အိပ်နေတဲ့အချိန်ဖြစ်တာ ဟုတ်တယ်၊ အိမ်ပေါ်ကိုကျတာ ၊ အခြားသူတွေတော့ ဘာမှမဖြစ်ဖူး အဲ့ဒီအမျိုးသမီးတဦးပဲ သေဆုံးသွားတာ ၊ အရပ်သားတွေ အခုလို သေဆုံးတာက ဘယ်အဖွဲ့အစည်းရဲ့လုပ်ဆောင်ချက်ပဲဖြစ်ဖြစ် မဖြစ်သင့်ဘူးလို့ ယူဆတယ် ၊ ဒါက မသေသင့်ဘဲ သေရတာမျိုးလေ။”လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီ လက်နက်ကြီးကျည်ကျရောက်တဲ့ ကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားတာမရှိဘဲ ရွာအစပ်မှာတော့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နေ့စဉ် နီးပါး ပစ်ခတ်သံတွေကြားရတာ အချိန်(၁)ပါတ်လောက်ရှိနေပြီလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် အချိန်မတော် ရွာထဲကို အခုလို လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံတွေဟာ ရွာမှာ မနေရဲဖြစ်နေပြီး အလုပ်အကိုင်တွေလည်း ပျက်နေရတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

မနေ့က အစောပိုင်းမှာလည်း ပုလောမြို့နယ်တန်းရှင်း ရွာနဲ့ ပလမြို့ကြားမှာ အချိန် ၂ နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ကာ သင်္ကန်းတောရွာနီးကို လက်နက်ကြီးတွေကျ ရောက်ပေါက်ကွဲခဲ့ပြီး လူတွေကိုတော့ ထိခိုက်တာမရှိခဲ့ဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #ပုလော #လက်နက်ကြီးကျ #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW