မူဆယ် ၁၀၅ မိုင်မှာ တရုတ်ဘက်ပို့မယ့် အသီးကား ၄၀၀ ကျော် ပိတ်မိနေ

ဖေဖော်ဝါရီ ၅၊ ၂၀၂၃
Shy V(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ အရှေ့မြောက်တံခါး အများပိုင်ကုမ္ပဏီမှာ တရုတ်ဘက် တင်ပို့မယ့် အသီးကား ၄၀၀ ကျော် ပိတ်မိနေတယ်လို့ နယ်စပ် သစ်သီးပို့ကုန်လုပ်ငန်းရှင်တွေနဲ့ သစ်သီး ပို့ကုန် ယာဉ်မောင်းတွေဆီက သိရပါတယ်။

“ယခုရက်ပိုင်း တရုတ်နယ်စပ် ကျင်စန်းကျော့ – ဝမ်တိန်ဂိတ် ဝင်ပေါက်မှာ ကား‌တွေ အဝင်အထွက်နည်းနေပါတယ်၊ မြန်မာ – တရုတ်နယ်စပ်၊ တရုတ်ဘက်ခြမ်း ဝမ်တိန်မှာ အခွန်ဆိုင်ရာ စနစ်တွေ အဆင့်မြှင့်တင်မှု ပြုလုပ်နေတာကြောင့် အသီးကားတွေ တနေ့ အစီး ၂၀ ကျော်၊ ၃၀ ခန့်သာ တရုတ်ဘက် ဝင်ရတယ်။” လို့ သစ်သီးပို့ကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

အရင်ပုံမှန်စနစ်က 1.0 စနစ်နဲ့ ပုံမှန်သွင်းနေရာက အခု 2.0 စနစ်နဲ့ ဝင်နေရတာကြောင့် အခက်အခဲ အများကြီး ဖြစ်နေတယ်လို့ပြောပါတယ်။

“ဟိုဘက်က ကွန်ပြူတာ စနစ်တွေ ပြောင်းနေလို့ ကားတွေကြာ‌နေတာ၊ အသီးကားတွေက အရင်က ပုံမှန် တရက်ကို အစီး ၇၀ ခန့် တရုတ်ဘက် ဝင်‌နေတာဖြစ်ပေမယ့် အခုက အစီး ၃၀ ခန့်သာ တရုတ်ဘက် ဝင်နေလို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က အသီးကွင်းမှာလည်း အသီးကား ရာချီ စောင့်ဆိုင်းနေရသလို တရုတ်နယ်စပ်ဂိတ်နားက ကျင်းစန်းကျော့ရှိ ကွင်းတွေမှာလည်း အသီးကားတွေ များစွာ စောင့်ဆိုင်းနေကြရတယ်။”လို့ ဖရဲ ကုန်တင်ယာဉ်မောင်းတဦးက ပြောပါတယ်။

နောက်ထပ် နယ်စပ်ကုန်သည် တဦးကလည်း “တနေ့ကို စနစ်အမျိုးမျိုး ပြောင်းလဲနေလို့ တရုတ်နယ်စပ် ဝင်ပေါက်မှာ သွင်းကုန်ကားတွေ ဒုက္ခများစွာ တွေ့နေရပါတယ်။ စနစ်တခုကို ပုံစံချဖို့ဆိုတာ အချိန်ပေးရအုံးမယ်။ ဘာမှပြင်ဆင်မှု မရှိဘဲ စနစ်ကို အပြောင်းလဲလုပ်ဖို့ဆိုတာ မလွယ်ကူပါဘူး။စနစ်တခု‌ကနေ တခုကို ပြောင်းလဲတယ်ဆိုတာ ပြင်ဆင်မှုရှိမှ အစစ အရာရာ အဆင်ပြေတာ၊ တချို့အရာတွေက ပြောတာလွယ်ပေမယ့် လက်တွေ့ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေက မတူဘူး “လို့ ပြောပါတယ်။

အသီးပိုင်ရှင်တွေ အနေနဲ့ သူတို့ရဲ့ အသီးကားတွေကို မြန်မြန်ဝင်စေချင်သလို ကားပိုင်ရှင် နဲ့ ကားဆရာတွေ အနေနဲ့ကလည်း မြန်မြန်ဝင်၊ မြန်မြန်ထွက်စေချင်တာဖြစ်ပြီး လက်ရှိကတော့ စနစ်အပြောင်းအလဲကြောင့် အချိန်ကြာနေကာ နယ်စပ်ဂိတ်ဝမှာ ကုန်သည်၊ ပွဲစားတွေရော၊ ကားသမားတွေပါ များစွာ အခက်အခဲ ဖြစ်နေကြရတယ်လို့ သိရပါတယ်။

“အခုလို တနေ့မှ အစီးရေ နှစ်ဆယ်၊ သုံးဆယ် ပဲ ဝင်နေမယ်ဆိုရင် ဖရဲ၊ သခွားတွေ ဖျော်ရည် ဖြစ်ပါတော့မယ်။”လို့ သစ်သီး လုပ်ငန်းရှင် တဦးက ပြောပါတယ်။

အရင်က အသီးကား တစီးကို အောက်မှာ ဝယ်ရတာ သိန်း ၅၀ ကျော်၊ ၆၀ ခန့်နဲ့သာ ပေးရပေမယ့် အခုတော့ အသီးကားတစီး သိန်း ၁၀၀ ကနေ သိန်း ၁၅၀ အထိ ပေးဝယ်ပြီး တင်ပို့နေကြတာဖြစ်လို့ အသီးကားတွေမှာလည်း အရင်းအနှီးကြီးတာကြောင့် ဖြစ်နိုင်ရင် အစိုးရတာဝန်ရှိလူကြီးမင်းတွေ၊ တရုတ်အစိုးရ တာဝန်ရှိလူကြီးတွေနဲ့ G To G (အစိုးရ နဲ့ အစိုးရ) ပြောပေးစေချင်တယ်လို့ သစ်သီးကုန်သည် လုပ်ငန်းရှင်တွေက ပြောဆိုနေကြပါတယ်။

Photo Crd-STK
#voiceofmyanmar #VOM #မူဆယ် #၁၀၅မိုင် #အသီးကားတွေပိတ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW