ရန်ကုန်မှာ ဒီနေ့ တရက်တည်း မီးလောင်မှု(၄)ကြိမ် ဖြစ်ပွား

ဖေဖော်ဝါရီ ၈ – ၂၀၂၃
SN (VOM)

ရန်ကုန်တိုင်းအတွင်းမှာ ဒီနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ တရက်တည်း မီးလောင်မှု(၄)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ဒီနေ့တနေ့လုံး မီးသတင်းတွေများနေပြီ။ အားလုံးမီးသတိပြုသင့်တဲ့ကာလရောက်လာပြီ။ မီးဘေးလုံခြုံရေးသတိထားပြီး လုပ်ဆောင်ကြစေလိုပါတယ်“လို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီနေ့ မနက် ၁၀ နာရီ ၂၉ မိနစ်အချိန်ဝန်းကျင်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းရှိ Samsung Service စင်တာမှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်တွေ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး မနက် ၁၀ နာရီ၊ ၄၆ မိနစ်အချိန် မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။

နေ့လယ် ၁ နာရီ၊ မိနစ် ၄၀ အချိန်ဝန်းကျင်မှာတော့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၁၄၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်းမှာ မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့တဲ့အတွက် Level 1 ယာဉ်အုပ်စုနဲ့ ငြှိမ်းသတ်ခဲ့ပြီး ၁ နာရီ ၅၃ မိနစ်အချိန်မှာ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့လိုပဲ ညနေ ၃ နာရီ ၄၄ မိနစ်အချိန် ဝန်းကျင် ကျောက်တံတားမြို့နယ်၊ (၃၅x၃၆) လမ်းကြား၊ ကုန်သယ်လမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၄ စီး ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၃ နာရီ၊ မိနစ် ၅၀ အချိန် မီးငြှိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆက်တိုက်ဆိုသလိုပဲ ညနေ ၄ နာရီ၊ မိနစ် ၅၀ အချိန်ဝန်းကျင် ဒလမြို့နယ်၊ ဒလသင်္ဘောကျင်းအနီး သင်္ဘောမီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် ဒလမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၂ စီး ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ညနေ ၅ နာရီ ၂၁ မိနစ်အချိန် မီးငြှိမ်းနိုင်ခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

VOM ရဲ့လက်လှမ်းမီသမျှ စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ဇန်နဝါရီလက ရန်ကုန်တိုင်းအတွင်း မီးလောင်မှု ၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စုစုပေါင်း လူ ၄ ဦးသေဆုံးခဲ့ကာ မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ရန်ကုန်တိုင်းအတွင်း မီးလောင်မှု (၂၂၄)ကြိမ် ဖြစ်ပွားခဲ့ပြီး (၇)ဦးသေဆုံးကာ (၂၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW