သီပေါစော်ဘွား စဝ်ကြာဆိုင်ရဲ့ဇနီး မဟာဒေဝီစဝ်ဆုစန္ဒီ အမေရိကန်နိုင်ငံမှာ ကွယ်လွန်

ဖေဖော်ဝါရီ ၇-၂၀၂၃
MM(VOM)

ရှမ်းပြည်နယ်၊ သီပေါစော်ဘွားစဝ်ကြာဆိုင်ရဲ့ဇနီး မဟာဒေဝီစဝ်ဆုစန္ဒီ (ခ) Inge Sargent ဟာ
မနေ့ ဖေဖော်ဝါရီ ၆ ရက် ရက် မနက်ပိုင်းက အမေရိကန်နိုင်ငံက နေအိမ်မှာကွယ်လွန်သွားတယ်လို့ သိရပါတယ်။

မဟာဒေဝီစဝ်ဆုစန္ဒီ (ခ) Inge Sargent ဟာ
ကွယ်လွန်ချိန်မှာ အသက် (၉၁) နှစ်အရွယ်ဖြစ်ပြီး သက်ကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ခြင်းဖြစ်တယ်လို့သိရသလို ကွယ်လွန်ချိန် သမီးတော်ဖြစ်တဲ့ မာယာရီနဲ့ ကိန္နရ်တို့ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

ကွယ်လွန်သွားတဲ့ မဟာဒေဝီစဝ်ဆုစန္ဒီ (ခေါ်) Inge Sargent ဟာ အမေရိကန်နိုင်ငံ၊ ကော်လိုရာဒို အမျိုးသမီးကောလိပ်မှာ ပညာသင်ယူနေချိန် ရှမ်းပြည် နယ်က သီပေါစော်ဘွား စဝ်ကြာဆိုင်နဲ့တွေ့ဆုံကာ ချစ်ကျွမ်းဝင်ခဲ့ပြီး ၁၉၅၃ ခုနှစ်မှာတော့ အမေရိကန်မှာပဲ လက်ထပ်ခဲ့ကြတာဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။

လက်ထပ်ပြီးနောက် သီပေါစော်ဘွားစဝ်ကြာဆိုင်နဲ့ အတူ ရှမ်းပြည်နယ်၊ သီပေါမြို့ကို လိုက်ပါလာကာ သီပေါဒေသ အပါအဝင် ရှမ်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွေကို ခင်ပွန်းဖြစ်သူနဲ့အတူ ကြိုးပမ်းခဲ့သူဖြစ်ပြီး မဟာဒေဝီဟာ သမီးတော် ၂ ယောက်ဦးကိုခေါ်ကာ သြစတြီးယားနိုင်ငံမှာ တိမ်းရှောင်နေထိုင်ခဲတယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။

”စဝ်ကြာဆိုင်နဲ့ စဝ်သုစန္ဒီတို့မှာ မာယာရီနဲ့ ကိန္နရီအမည်ရှိတဲ့ သမီး ၂ ယောက် ထွန်းကားခဲ့တယ် ၊၁၉၆၂ ခုနှစ်မှာ နိုင်ငံရေးအပြောင်းအလဲတွေဖြစ်တဲ့အချိန်မှာတော့ သီပေါပြည်နယ်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ စဝ်ကြာဆိုင်ဖမ်းဆီးခံခဲ့ရတယ် ၊ ၁၉၆၄ ခုနှစ်မှာမြန်မာပြည်က ထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက် မိဘတွေနဲ့အတူ ဩစတြီးယားနိုင်ငံမှာ (၂)နှစ်ကြာနေ ထိုင်ခဲ့ပြီး အခု ကွယ်လွန်ခဲ့တဲ့ အမေရိကန်ကို ပြောင်းရွှေ့ခဲ့တာပါ။”လို့ ရှမ်းပြည်နယ်အခြေစိုက် ဝါရင့် သတင်းစာဆရာတယောက်က ပြောပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ မဟာဒေဝီစဝ်ဆုစန္ဒီဟာ မြန်မာ-ထိုင်းနယ်စပ်ရှိ မိဘမဲ့ကလေးတွေအတွက် ပညာရေး၊ ကျန်းမာရေး ကူညီထောက်ပံ့မှုတွေကိုလည်း ဆောင်ရွက်ခဲ့သူတယောက်ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံမှာ ကွယ်လွန်ချိန်အထိ အခြေချနေထိုင်ခဲ့ချိန်အတွင်းမှာလည်း ကျောင်းဆရာအသိအမှတ်ပြုလက်မှတ် ရယူနိုင်ခဲ့ပြီးနောက် Boulder junior အထက်တန်းကျောင်းနဲ့ Fairview အထက်တန်း ကျောင်းတွေမှာ ဂျာမန်ဘာသာသင် ဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

မဟာဒေဝီဟာ ခင်ပွန်းဖြစ်သူ ရှမ်းစော်ဘွားစဝ်ကြာ ဆိုင်နဲ့ ဆုံတွေ့ခဲ့တဲ့ ဇာတ်လမ်းကို အင်္ဂလိပ်ဘာသာ နဲ့Twilight Over Burma: My life as a Shan Princess စာအုပ်ကို ရေးသားခဲ့ကာ စာအုပ်ထဲမှာ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်ကနေ ၁၉၆၂ ခုနှစ်အထိ ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ထည့်သွင်းရေးသားခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် ၁၉၆၈ ခုနှစ်မှာ Boulderမြို့သား Tad Sarg ent နဲ့ ဒုတိယအိမ်ထောင်ထူထောင်ခဲ့ပြီး သီပေါမာဟာဒေဝီ စဝ်သုစန္ဒီဟာ မြန်မာဒုက္ခသည်တွေကို ကူညီဖို့အတွက် Burma Lifeline အဖွဲ့ကို ဒုတိယ ခင်ပွန်းဖြစ်တဲ့ Tad နဲ့ ၁၉၉၅ ခုနှစ်မှာ ဖွဲ့စည်းထူထောင်ကာ ကုလသမဂ္ဂက ပေးအပ်တဲ့ United Nations Association International Human Rights ဆုကို ၂၀၀၀ ပြည့်နှစ်မှာ ရရှိခဲ့သူ တယောက်ဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

မဟာဒေဝီစဝ်ဆုစန္ဒီ (ခ) Inge Sargent ရဲ့အမျိုးသား ရှမ်းပြည်နယ် သီပေါစော်ဘွား စဝ်ကြာဆိုင်ကတော့ ဖမ်းဆီးခြင်းခံရပြီးနောက် ဘယ်လို နတ်ရွာစံခဲ့လည်းဆိုတာကိုတော့ မြန်မာပြည်သူတွေနဲ့
သမိုင်းပညာရှင်တွေလည်း မသိခဲ့ရဘူးလို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မဟာဒေဝီစဝ်ဆုစန္ဒီ #သီပေါစော်ဘွားစဝ်ကြာဆိုင်ရဲ့ဇနီး #အမေရိကန်မှာကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW