ဖားကန့်မှာ မိသားစု(၃)ဦး ကျောက်စိမ်းလုပ်ကွက်ဟောင်းအတွင်း ပြုတ်ကျခဲ့ရာ (၈)လကျော်မှ အလောင်းပြန်ပေါ်

ဖေဖော်ဝါရီ ၈-၂၀၂၃
Voice Of Myanmar(VOM)

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်အပိုင်၊ တောင်းချိုကွက်သစ် အနီးရှိ ပေပေါင်းရာချီနက်တဲ့ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရေကန်အတွင်း မိသားစုသုံးဦး လိုက်ပါလာသည့် ပါဂျဲရိုး အိမ်စီးကားတစီး ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် မေလ (၉)ရက် မနက်ပိုင်းကအရှိန်လွန်ထိုးကျသွားခဲ့ပါတယ်။

အခင်းဖြစ်ပွါးတဲ့အချိန်က သက်ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကယ်ဆယ်ရေး ပရဟိတအသင်းများမှ ပြုတ်ကျသေးဆုံးသွားသော မိသားစု သုံးဦးရဲ့အလောင်းတွေကို အချိန်မှီရရှိနိုင်ဖို့ ဆယ်ရက်ခန့် ကူညီကယ်ဆယ်ခဲ့သော်လည်း မတွေ့ရှိဘဲ မော်တော်ကားကိုသာ ဆယ်ယူရရှိခဲ့သည် ။

ကျောက်စိမ်းလုပ်ကွက်ဟောင်းရေကန်တွင်းသို့ အရှိန်လွန်ထိုးကျခဲ့သော အဆိုပါကားမှာ တောင်းချိုကွက်သစ်မှဖြစ်ပြီး သူတို့ရင်သွေးငယ်လေးကို ကာကွယ်ဆေးထိုးဖို့ ဖားကန့်မြို့သို့ အသွား မတော်တဆမှုဖြစ်ပွါးခဲ့ရခြင်းဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူများ၊ ကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ် ။

အခင်းဖြစ်ပွါးပြီး လေးလအကြာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ရက်နေ့ မှာ ရင်သွေးငယ်ရဲ့ရုပ်အလောင်း အလိုလျောက်ပေါ်လာခဲ့ပြီး ဖားကန့်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်တွေက ဆယ်ယူပေးခဲ့ပါတယ် ။

“အခင်းဖြစ်ပွါးပြီး (၈)လအကြာ မနေ့း (ဖေဖေါ်ဝါရီ-၇ နေ့)က မိခင်ဖြစ်သူရဲ့ရုပ်အလောင်းဟာ အလိုလျောက်ပေါ်လာခဲ့တာကြောင့် ဖားကန့်မြို့နယ် ကြက်ခြေနီဥက္ကဌ ဦးသန်းဇော်ကွန်း( ကွန်ဖောင်ဒေးရှင်း) ရဲ့လမ်းညွှန်မှုဖြင့် ဒေါ်တင်တင်ရီ ( ကြက်ခြေနီသူနာပြု ၊မြိုနယ်တပ်ဖွဲ့မှူး) ဦးဆောင်တဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေက ဆယ်ယူကယ်ဆယ်ခဲ့တယ်”လို့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သေဆုံးသူအမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူ ယဉ်မောင်အမျိုးသားရဲ့ရုပ်အလောင်းမှာ အခုချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ပါတယ် ။

အခင်းဖြစ်ပွါးခဲ့တဲ့ ကျောက်စိမ်းလုပ်ကွက်ဟောင်းရေကန်ဟာ အခုချိန်ထိ လမ်းသွားလမ်းလာ ယာဥ်တွေအတွက် အန္တရယ်ရှိနေဆဲဖြစ်ပြီး ၊ ခိုင်ခန့်တဲ့ အကာအရံအတားဆီးတွေ ပြုလုပ်ပေးဖို့ ဖားကန့်မြို့ခံတွေက လိုလားလျှက်ရှိတယ်လို့ သိရပါတယ် ။

PhotoCrd -ဖားကန့်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ
#voiceofmyanmar #VOM #ဖားကန့်

Related posts

Leave a Comment

VOM News

FREE
VIEW