ပုဏ္ဏားကျွန်းမှာ ဘုန်းကြီးကျောင်းဆောင်မီးလောင်လို့ သံဃာတော်တပါး ပျံလွန်တော်မူ

ဖေဖော်ဝါရီ၊၁၁-၂ဝ၂၃
MM(VOM)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်က ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းဝင်းမှာ ဒီကနေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက် ၇၂ နှစ်အရွယ် သံဃာတော်တပါး မီးထဲပါသွားပြီး ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုမှာ ဒီနေ့ ဖဖော်ဝါရီ ၁၁ ရက်၊ မနက် ၉ နာရီကျော်ကဖြစ်ပွားခဲ့ပြီး သံဃာဆောင်ထဲမှာ တပါးတည်းရှိနေချိန် မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် မီးထဲပါသွားကာ ပျံလွန်တော်မူသွားခဲ့ရတာဖြစ်တယ်လို့ ဒေသခံ စေတနာ့ဝန်ထမ်းတဦးကပြောပါတယ်။

”မနက်ပိုင်းမှာ မီးလောင်မှုကဖြစ်တာ၊ မီးလောင်မှုကြောင့် မီးထဲပါသွားတဲ့ ဆရာတော်က ခန္ဓာကိုယ် ညာဘက်တစ်ခြမ်း လေဖြန်းထားတာပါ ၊ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းဝင်းမှာ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း သံဃာဆောင်တစ်ခုမှာ နောက်ထပ် ရဟန်းတစ်ပါးနဲ့ အတူနေထိုင်တာ မီးလောင်တဲ့အချိန် အခြား ဆရာတော်မရှိဘူး၊မသွားမလာနိုင်ဘူးလေ ၊ မီးလောင်တော့လည်း ဘယ်ထပြေးနိုင်မလဲ၊ ဒါ့ကြောင့် အသက်ဆုံးရှုံးရတာပါ ၊ သက်တော်က ၇၂ နှစ် ပါ၊ မီးလောင်မှုကတော့ မီးကြွင်းမီးကျန်ကနေ လောင်တာလို့ ယူဆတယ်။”လို့ သူက ဆက်ပြောပါတယ်။

ပျံလွန်တော်မူသွားတဲ့ သံဃာတော်မှာ ဦးပဏ္ဍဝဖြစ်ပြီး ဆရာတော်ရဲ့ဇာတိမှာ ကျောက်တော်မြို့နယ်၊သာဒါဆိပ်ကျေးရွာကဖြစ်တယ်လို့သိရပြီး ရုပ်ကလပ်ကို ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

အဲ့ဒီ မီးလောင်မှုကြောင့် ကျောင်းဝင်းအတွင်းရှိ သံဃာဆောင်တခုတည်းသာ မီးလောင်ပြာကျသွားခဲ့တာဖြစ်ပြီး အခြား အဆောင်တွေကို မီးကူးစက်လောင်ကျွမ်းတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် မီးလောင်ပြာကျသွားတဲ့ကျောင်းဆောင်ဟာ လျှပ်စစ်မီးသွယ်တန်းထားတာမရှိဘဲ မနက် စောစော မီးလှုံခဲ့ရာကနေ ကျန်ရှိခဲ့တဲ့ မီးကြွင်းမီးကျန်တွေကတဆင့် လောင်ကျွမ်းခဲ့တာဖြစ်နိုင်တယ်လို့ ယူဆကြောင်း ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ပုဏ္ဏားကျွန်း #မီးလောင်မှု #ဆရာတော်တပါးပျံလွန်တော်မှု

Related posts

Leave a Comment

VOM News

FREE
VIEW