သန်လျင်မှာ စက်လှေမှောက်လို့ လူ၂ ယောက်သေဆုံး

ဖေဖော်ဝါရီ ၁၃ – ၂၀၂၃
GG(VOM)

ရန်ကုန်တိုင်း ၊သန်လျင်မြို့နယ် ၊ခြောက်လမ်းသွားလမ်းမဘေး၊ ငါးပြေမကျေးရွှာချောင်းထဲမှာ စက်လှေမှောက်ပြီး အမျိုးသား ၂ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ် ။

ဖြစ်စဥ်ဟာ မနေ့ ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းက အမျိုးသား ၆ ယောက် ငါးပြေမရွာချောင်းထဲမှာ စက်လှေပတ်စီးနေရာကနေ စက်လှေက အရှိန်များပြီး တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” မနေ့ကညနေ ၅ နာရီခွဲလောက်မှာ သူတို့သူငယ်ချင်းတွေ ထမင်းစားဖိတ်လို့ဆိုပြီးသွားကြတာ၊အပြန်မှာ စက်လှေပတ်စီးကြတယ်၊ နောက် စက်လှေကလည်းအရှိန်ပါနေတယ် လူကလည်းနည်းနည်းမူးနေကြတယ်ဆိုတော့ စက်လှေဆွဲအဝိုက်မှာ မှောက်တာ ။၆ ယောက်ပါတာမှာ ၂ယောက်သေတာပါ၊ချောင်းက ကမ်းစပ်တောင်ဝါးတပြန်လောက်နက်တယ် ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ရွှေရောင်တွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။

စက်လှေပေါ်ပါသူ အမျိုးသား ၆ ယောက်အနက် ၂ယောက်သေဆုံးခဲ့တာဖြစ်ပြီး မနေ့ ည၇ နာရီအကျော်မှာ ရုပ်အလောင်းတခုတွေ့ခဲ့သလို ဒီနေ့မနက် ၁၀နာရီခွဲအကျော်လောက်မှာ နောက်ထပ်ရုပ်အလောင်းတခုကိုဆယ်ယူရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ သန်လျင်မြို့က အသက် ၄၃ နှစ်အရွယ် ဦးမျိုးမြင့်ကျော်ဆိုသူနဲ့ ကိုကျော်ဇင်ဦး အသက် ၃၇ နှစ်တို့ဖြစ်ပြီး သူတို့ဟာ ဆိုင်ကယ်ကယ်ရီမောင်းသူတွေဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာရုပ်အလောင်းတွေကို သန်လျင်ဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #သန်လျင် #စက်လှေမှောက် #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW