အမေရိကန်ပေါ်ဖြတ်ပျံနေတဲ့ အမျိုးအမည်မသိအရာ၀တ္ထုကို တိုက်လေယာဉ်နဲ့ပစ်ချ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၁-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ အလက်စကားကမ်းလွန်မှာ အမြင့်ကနေပျံသန်းနေတဲ့ အမျိုးအမည်မသိအရာ၀တ္တုတခုကို တိုက်လေယာဉ်ကနေ ပစ်ချဖို့ သမ္မတဂျိုးဘိုင်ဒင်က အမိန့်ပေးခဲ့ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

အမေရိကန်ကိုဖြတ်သန်းပျံသန်းနေတဲ့ တရုတ်ထောက်လှမ်းရေး မိုးပျံပူပေါင်းတစ်လုံးကို အမေရိကန်စစ်တပ်က ပစ်ချပြီးနောက် တပတ်အကြာမှာ အခုလိုအမည်မသိအရာ၀တ္ထုကိုပစ်ချခဲ့တာဖြစ်ပါတယ်။

အဲဒီအရာ၀တ္ထုဟာ အလက်စကားကိုဖြတ်ပြီး တနာရီ မိုင် ၂၀ မှ ၄၀ နှုန်းနဲ့ ပျံသန်းနေခဲ့ပြီး ဘယ်နေရာကလာပြီး ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ပျံသန်းလဲဆိုတာ ရှင်းလင်းစွာမသိရသေးကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂွန်ခရီဘီကပြောပါတယ်။

ပျံသန်းနေတဲ့ အရာ၀တ္ထုဟာ ကားငယ်တစီးအရွယ်ရှိပြီး အရပ်ဘက်လေယာဉ်တွေ ပျံသန်းမှုအတွက် ဘေးအန္တရာယ်ဖြစ်စေတာကြောင့် အခုလိုပစ်ချဖို့ သမ္မတကအမိန့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သူကပြောပါတယ်။

ဖေဖော်ဝါရီ ၉ ရက်မှာ စတင်တွေ့ရှိခဲ့ပြီး မနေ့က ပစ်ချလိုက်တဲ့အရာ၀တ္ထုဟာ အစိုးရတရပ်ရပ်ပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင်ဟုတ်မဟုတ် ရှင်းလင်းစွာမသိရသေးကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW