တန့်ဆည်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ လူ ၇ ဦးသေဆုံး

ဖေဖော်ဝါရီ ၁၀ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့နဲ့ အင်္ကုက္ကားကျေးရွာထဲကို မနေ့ ဖေဖော်ဝါရီ ၉ ရက် မနက်အစောပိုင်းက လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ ပြည်သူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ ပစ်ခံရတာပါ ၊ အိပ်ပျော်နေတဲ့ လူနေအိမ်တွေပေါ်ကို ကျပြီး ၊ လူတွေထိမှန် သေဆုံးတာဖြစ်တယ်၊သေဆုံးသူတွေကတော့ ၊ အင်္ကုက္ကားကျေးရွာမှာနေတဲ့ ဒေါ်တင့်နဲ့ တစ်အိမ်တည်းနေ ဦးသိန်းရွှေ၊ ဦးထွန်းလင်း၊ ဦးတင်ရွှေ၊ ဦးကောင်းမြတ်လင်း၊ ဒေါ်ညိုဆန်း၊ မရွှန်းလဲ့သူ ဆိုတဲ့ ၇ ဦးဖြစ်တယ်”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်လို့ ရေဦးခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က” မနက် ၁ နာရီဝန်းကျင်မှာ တန််ဆည်မြို့ထဲကို ကျွဲဆည် မူးဘောင် ဘက်ကနေ လက်လုပ် စိန်ပြောင်းတွေနဲ့ပစ်တယ် ၊ အဲ့ဒီအပြင် အင်္ကုက္ကားကျေးရွာရဲ့ အရှေ့မြောက်ဘက်ကနေ အင်္ကုက္ကားကျေးရွာထဲကို လက်လုပ် စိန်ပြောင်းတွေနဲ့ တချိန်တည်းမှာ ပစ်တယ် ၊ အဲ့ဒီမှာ နေအိမ်တွေပေါ်ကျရောက် ပေါက်ကွဲပြီး အိပ်ပျော်နေတဲ့ ဒေသခံ ပြည်သူ ၇ ဦး ထိမှန်သေဆုံးတယ် ၊ အဲ့ဒီဖြစ်စဥ် ဖြစ်ပွားတာနဲ့ လုံခြုံရေးအဖွဲ့က ချက်ချင်း လိုက်လံ နယ်မြေရှင်းလင်းခဲ့တယ်”လို့ ပြောပါတယ်။

ဒါ့အပြင် တန့်ဆည်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မိသားစုလိုက် အသတ်ခံရတဲ့ ဖြစ်စဥ်တွေ မကြာခဏ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို မိသားစုလိုက် အသတ်ခံရတာနဲ့ ပတ်သက်ပြီး တန့်ဆည်မြို့ခံတွေရဲ့ မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၂ ၊ သြဂုတ် ၉ ရက်က ကာပေါင်းကျ အနောက်ရွာမှာ မိသားစုလိုက် ပစ်သတ်ခံရတာဖြစ်တယ် ၊ သေဆုံးသူတွေကတော့ အဲ့ဒီရွာက ဦးစက်ကြိုင် အသက် ၇၃ နှစ် ၊ သူ့မိန်းမ ဒေါ်စောကြည် အသက် ၇၃ နှစ်နဲ့ သူတို့ရဲ့ သားမက် ကိုတင်ထွန်းနိုင် အသက် ၄၀ နှစ်ဆိုတဲ့ ၃ ယောက် ဖြစ်ပါတယ်။

၂၀၂၁ စက်တင်ဘာ ၂၂ ရက်ကလည်း တန့်ဆည်မြို့နယ်ရဲ့ အနောက်တောင်ဘက် ၁၆ မိုင်လောက်ဝေးတဲ့ ကျီကုန်း(တောင်)ရွာမှာနေထိုင်တဲ့ မိသားစု ၂ စု ၊ လူ ၄ ယောက်ဟာ မိသားစုလိုက် အသတ်ခံရတာ ဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒီ အကြောင်းကိုတော့ ကံထူးမရွာခံ တစ်ယောက်က ” အသတ်ခံရတာက ရဲမိသားစု ၁ စု မဟုတ်ဘူး ၊ ၂ စု ဖြစ်တယ် ၊ တန့်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဒုတပ်ကြပ် ရဲမေ တစ်ယောက်ရဲ့ မိဘ ၂ ပါးဖြစ်တဲ့ ဦးရဲမြင့် အသက် ၅၇ နှစ်နဲ့ ဒေါ်စန်းနိုင် အသက် ၅၇ နှစ် အသတ်ခံရတာဖြစ်တယ် ၊ နောက်မိသားစု ၁ စုက ကံထူးမ နယ်မြေရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲ ဒုတပ်ကြပ် ၁ ယောက်ရဲ့ မိန်းမ ဒေါ်ကေခိုင်ဦးနဲ့ သူ့ကလေး အသတ်ခံရတာ “လို့ ပြောပါတယ်။

၂၀၂၁ စက်တင်ဘာ ၁၉ ရက်က တန့်ဆည်မြို့နယ် မဟာမြိုင်တောကြီးနယ်စပ်က ရွှေတူးဖော်ရေး လုပ်ကွက်ထဲမှာ လူ ၅ ယောက်ရှိတဲ့ မိသား ၁ စု အသတ်ခံရတဲ့ ဖြစ်စဥ် ပေါ်ပေါက်ခဲ့ပါတယ်။

” သေဆုံးသူတွေက ကပေါင်းကျ ရွာက မိသားစုဖြစ်တယ် ၊ ဦးစန်းဝင်း အသက် ၄၈ နှစ် ၊ ဒေါ်မိချစ် အသက် ၅၂ နှစ် ၊ မောင်ဇော်မင်းထွန်း အသက် ၁၈ နှစ် ၊ မောင်ဇော်မင်းသူ အသက် ၁၆ နှစ်နဲ့ မောင်အောင်မျိုးသူ အသက် ၁၁ နှစ် ဖြစ်ကြပြီး သူတို့ မိသားစု ၅ ယောက်စလုံးဟာ ရွှေတူးဖော်ရေး မျှောတဲမှာရှိနေချိန် အသတ်ခံရတာ ” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

၂၀၂၁ စက်တင်ဘာ ၁၇ ရက် နေ့ခင်းပိုင်းက တန့်ဆည်မြို့ မဟာမြိုင်ရပ်ကွက်နေ ရွှေတူးဖော်ရေးလုပ်ငန်းရှင် လင်မယား ၂ ​ယောက်ဟာ တန့်ဆည်မြို့ကနေ အနောက်မြောက်ဘက် ၁၃ မိုင်လောက်ဝေးတဲ့ ရွှေလုပ်ကွက်ရှိတဲဲ့နေရာကို ကားနဲ့အသွား သစ်စေးကိုင်းရွာနဲ့ ငှက်ပျောတောရွာအကြား မူးဘောင်ပေါ်နေရာအရောက်မှာ ပစ်ခတ်ခံရတဲ့အတွက် အသက် ၄၆ နှစ် အရွယ် ဦးဝင်းဆန်းဦးဆိုသူ ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရပြီး ဇနီးဖြစ်သူ အသက် ၄၀နှစ် အရွယ်ကတော့ ကျည်ဆံထိမှန် ဒဏ်ရာ ၂ ချက်ရပြီး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် အသက်သေဆုံးခြင်း မရှိဘူးလို့ တန့်ဆည်နယ်ခံတွေရဲ့ အပြောအရ သိရပါတယ်။

တန့်ဆည်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း အကြောင်းအမျိုးမျိုးနဲ့ အသတ်ခံရလို့ သေဆုံးတဲ့သူ တစ်ရာကျော် ရှိခဲ့တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #တန့်ဆည် #လက်နက်ကြီးကျ #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW