ကြက်မွေးမြူရေးလုပ်ငန်းတွေ (၂)နှစ်ကျော်အတွင်း အထွေထွေအကျပ်အတည်းတွေကြောင့် ရပ်နားလာရ

ဖေဖော်ဝါရီ ၁၅-၂၀၂၃
MM(VOM)

ပြည်တွင်း ကြက်မွေးမြူရေးလုပ်ငန်းရှင်တွေဟာ အချိန် ၂ နှစ်ကျော်ကာလအတွင်း အထွေထွေအကျပ်အတည်းတွေ ဖြစ်ပွားလာတာကြောင့် ကြက်မွေးမြူရေးလုပ်ငန်းတွေကို ရပ်နားလာရတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

ကြက်မွေးမြူရေးလုပ်ငန်းတွေမှာ မွေးမြူရေးသုံး သွင်းအားစုတွေဖြစ်တဲ့ အစာနဲ့ဆေး ဈေးနူန်းတွေ အဆမတန်မြင့်တက်လာတာ၊ ကြက်ခြံဆောက်လုပ်ရေးစရိတ် ကြီးမြင့်နေတာ၊ အထွေထွေကုန်ကျစရိတ်နဲ့လုပ်အားခတွေပါ မြင့်တက်နေတာကြောင့် အသားစားကြက်နဲ့ ဥစားကြက်မွေးမြူရေးလုပ်ငန်းအားလုံး ၈၅ ရာခိုင်နှုန်းလောက်အထိ ရပ်နားလာရတာဖြစ်တယ်လို့ ကြက်မွေးမြူရေးလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူ တယောက်က ပြောပါတယ်။

“ဘယ်လိုမှ တောင့်မခံနိုင်တော့တဲ့ အခြေအနေတွေ
ကြောင့် ရပ်နားကြတာပါ၊ လုပ်ငန်းရှင်တွေတော်တော်များများလည်း မနားချင်ဘဲ နားရတာပါ ၊ လက်ရှိ အသားစားကြက်မွေးမြူတဲ့လုပ်ငန်းအနေနဲ့ ၇၅ ရာခိုင်နှုန်းလောက်က နားသွားကြပြီ ၊ဥစားကြက်မွေးမြူတဲ့လုပ်ငန်းကလည်း လက်ရှိ ၈၅ ရာခိုင်နှုန်းလောက်က နားသွားပြီ ၊ အနည်းအကျဉ်းလောက်ပဲကျန်တော့မယ် ၊ သူတို့လည်း သိပ်မသေချာဘူး ၊ ဒါ့ကြောင့်လည်း လက်ရှိကြက်ဥတွေနဲ့ ကြက်သားတွေဈေးထိုးတက်နေတာပါ ၊ ထွက်ကုန် နည်းလို့ ဈေးတက်နေတာ ၊ တက်နေတဲ့ဈေးက မွေးမြူရေးလုပ်ငန်းရှင်တွေအတွက် အကျိုးမရှိဘူး။”လို့ သူကဆက်
ပြောပါတယ်။

ဧရာဝတီတိုင်းဘက်က မွေးမြူရေးလုပ်ငန်းတွေမှာတော့ ထိုင်းနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာတဲ့ အေးခဲ အသားတွေကြောင့် ဈေးကွက် မယှဉ်နိုင်တော့တဲ့အခြေအနေတွေနဲ့ မွေးမြူရေးသွင်းအားစုစရိတ်တွေ အဆမတန်မြင့်တက်နေတာကြောင့် ကြက်မွေးမြူတဲ့လုပ်ငန်းကို ရပ်နားလိုက်တာလို့ သိရပါတယ်။

”အခုက ကြက်စာ တအိတ်ကို ၉ သောင်း ကျော်အထိ ဖြစ်လာတယ်၊ ကြက်အကောင် ၁၀၀၀ မွေးရင် အနည်းဆုံး အိတ် ၁၀၀ အထိ ကျွေးရတယ်၊ အစာအိတ် ၁၀၀ ဆို သိန်း ၉၀ ကျော် ၁၀၀ နီးပါးလောက်ကုန်သွားပြီ ၊ အသေအပျောက်မရှိမှ၊ ရှိရင် ရှုံးပြန်တယ် ၊ ကြက်ကာကွယ်ဆေးတွေကလည်း အရင်ကထက် ဈေးကနှစ်ဆအထိ တက်နေတယ် ၊ဘယ်လိုမှ တွက်ခြေမကိုက်တော့တဲ့ အခြေအနေကြောင့် လုံးဝကိုရပ်နားလိုက်ရတာ၊ ကြက်သားပေါက် ဈေးကလည်း အရင်က တကောင် ၁၀၀၀ လောက် အမြင့်ဆုံးရှိတာ ၊ အခု တကောင် ၁၆၀၀ အထိ တက်လာတယ် ၊ တရားမဝင် ကြက်သားတွေလည်း ဝင်လာတဲ့အခါဆို တော်တော်ဒုက္ခရောက်တယ်။”လို့ ဧရာသတီတိုင်းမှ မွေးမြူရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။

ပြည်တွင်း မွေးမြူရေးလုပ်ငန်းတွေ ရပ်နားလာတာကြောင့် မွေးမြူရေးလုပ်ငန်း ကျွမ်းကျင်သူတွေ အနေနဲ့ အလုပ်လက်မဲ့ဖြစ်နှုန်းတွေ မြင့်တက်လာပြီး တဖက်နိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်ကြတဲ့သူတွေလည်း ရှိလာတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

ဒါ့အပြင် ပြည်တွင်း မွေးမြူရေးလုပ်ငန်း အားလုံးနီးပါး ရပ်တန့်သွားရင် ဒေသတွင်း အသားထုတ်လုပ်မှုတွေ လျော့ကျလာကာ တဖက်နိုင်ငံတွေကနေ တရားမဝင် အေးခဲအသားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာရင် ဒေသခံတွေရဲ့ကျန်းမာရေးအတွက် အန္တရာယ်ရှိလာနိုင်တယ်လို့ မွေးမြူရေးပညာရှင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မွေးမြူရေးလုပ်ငန်းကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW