ဘူတာကြီး တစ်ဝိုက်

ဆူးငှက်

ဘူတာတဲ့။ ရုံးသဘောဆန်ဆန် ပြောဆိုရမည်ဆိုလျှင် ဘူတာဆိုသည်မှာ ပို့ဆောင်ရေးလုပ်ငန်းများကို
လက်ခံလုပ်ကိုင်သော (သို့မဟုတ်) သွားလာရေးစနစ်အရ ထွက်ခွင့်ပေးသောနေရာတစ်ခုခုကို ဆိုလိုသည်ဟု ဖွင့်ဆိုရပေမည်။ မန္တလေးသားတွေ ၇၈ လမ်းပေါ်က ဘူတာရုံကို ဘူတာကြီးဟုပဲ ခေါ် ကြသည်။
ဘူတာကြီးဆိုသော စကား မန္တလေးသားတိုင်း ကျွမ်းဝင်နေကြသော်လည်း ဘူတာကြီးရှိလျှင် ဘူတာလေးကော ရှိဦးလေမည်လော ဟူ၍ကား စဉ်းစားမိကြပေမည် မဟုတ်။ တကယ်တော့ ဘူတာလေးရှိသောကြောင့် ဘူတာကြီးဟူ၍ အမည်တွင်ခြင်းပင်ဖြစ်သည်။ဘူတာလေးဟူသည် အဘယ်မှာလေနည်း။

ရှေးသရောအခါက မန္တလေးမြို့၏မြောက်ဘက်
၂၇မိုင်ဝေးသော မတ္တရာမြို့သို့ မီးရထားဖြင့်လည်း သွားလာနိုင်အောင် ပုဂ္ဂလိကတစ်ဦးက မီးရထားလမ်းဖာက်လုပ်ခဲ့လေသည်။ ထူးခြားသည်မှာ သူ့မီးရထားလမ်း သူ့မီးရထားက လက်ရှိ အသုံးပြုပြေးဆွဲနေသော မီးရထားလမ်း မီးရထားတွဲတို့ထက် ကျဉ်းမြောင်းသးငယ်သည်။ သံလမ်းလေး၊ မီးရထားလေးဟုပဲ ဆိုပါစို့။ ထိုမီးရထားလေးသည် မန္တလေးတွင် ယခုဈေးချိုတော် အနောက်ဘက် မန်းသီရိဈေးနေရာမှ စတင်ထွက်ခွာသည်။ ယခု မြို့တော်ခန်းမ၂ အဆောက်အအုံကို အနောက်ဘက်သို့ ခန်းမ၃အဖြစ် ဆက်လက် မတည်ဆောက်ခင်က ရွှေတချောင်းမြောင်းပေါင်တွင် ပြန်ကြားရေးစာကြည့်ခန်း အဆောက်အအုံလေး ရှိခဲ့ဖူးသည်။ ထိုနေရာက မတ္တရာ မီးရထားလေး၏ ဘူတာရုံဖြစ်ခဲ့ဖူးသည်ဟု ပြောစမှတ်ပြုခဲ့ကြ၏။

မီးရထားတွဲလေးက ၆တွဲ ၇တွဲ ရှိသတဲ့။ တစ်ခါတစ်ရံ ကုန်တွဲနှင့် ၈တွဲ ရှိတတ်သည်။ စက်ခေါင်းက ထင်းမီးထိုး ရေနွေးငွေ့စက်ခေါင်း။ ရထားစက်ခေါင်းလေးတွင် ကြေးဝါဖြင့် မနှင်းဆီဟု စာလုံး ရေးကပ်ထားသည်။ ထို့ကြောင့် မန္တလေးသားများက ထိုရထားလေးကို မနှင်းဆီရထားဟု ခေါ်ကြ၏။ မီးရထားပိုင်ရှင် မနန့်ဂျီဟူသော အိန္ဒိယအမျိုးသားကြီးနာမည်ကို ဗမာသံနှင့် မနှင်းဆီ ဟု ခေါ်ရာမှ နာမည်တွင်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် မနှင်းဆီ ရထားလေး စတင်ထွက်ခွာသည့် ဘူတာကို ““ဘူတာလး”” ဟု ခေါ်ခဲ့ကြသည်။

ထိုအခါ အစိုးရပိုင် မီးရထားကြီးများ ဥဒဟို ဝင် ထွက်နေသည့် ၇၈ လမ်းပေါ်က ဘူတာရုံကို ““ဘူတာကြီး”” ဟူ၍ တွဲဖက်ခေါ်ဝါ်လာတော့၏။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီ ၁၄၊ ၅ နှစ်ကပင် မနှင်းဆီ ရထားလေး ဖျက်သိမ်းလိုက်၍ ဘူတာလေး မရှိတော့သော်လည်း ““ဘူတာကြီး”” ဟူ၍ ခေါ်တွင်ကြသည်။

ဘူတာကြီးရှေ့ရှိ ၇၈လမ်း၏ လမ်း၃၀မှသည် ၃၄လမ်းအထိ အရှေ့ဘက်ခြမ်း တစ်ပြပေါက်သည် မီးရထားဝန်ထမ်း အိမ်ရာလိုင်းများဖြစ်ခဲ့သည်။ ကနဦး မြန်မာပြည် မီးရထားဌာနကြီးသည် သူ့ဌာနကို စနစ်တကျ ဖွဲ့စည်းခဲ့လေသည်။ သူ့ဝန်ထမ်းများအတွက် သက်သာချောင်ချိမှုကို ဦးစားပေးခဲ့၏။ လာစာအပြင် နေစရာ အဆင်သင့်။ ၇၈လမ်း ဟိုမြောက်ဘက် ၂၇လမ်းမှသည် ၃၄လမ်းအထိ မီးရထား ဝန်ထမ်းများ၏ ကြီးစဉ်ငယ်လိုက် နေအိမ်ဝင်းများ၊ အဆောက်အအုံများ၊ စနစ်တကျ တည်ဆောက်ထားသည်။မြောက်ဆုံးမှာ မီးရထားဆရာဝန်ကြီး၊ မီးရထား မင်းကြီး၊ငွေစာရင်းအရာရှိကြီးများ …။ သည်ဘက် လမ်း၃၀မှစ၍ ရုံပိုင်ကြီး၊ လက်ထောက်ရုံပိုင်များမှ စတင်ကာ သန့်ရှင်းရေး အလုပ်သမားအထိ နေထိုင်စရာ အဆင်သင့်ဖြစ်သည်။ လမ်း၃၀နှင့် ၃၄လမ်းကြားကို မီးရထားလိုင်းဟု ခေါ်ခဲ့ကြတာ တစ်နေ့ မနေ့ကအထိ ဖြစ်ပါသည်။ ““က”” လိုင်း ““ခ”” လိုင်း စသည်ဖြင့် ခေါ်တွင်ခဲ့သည်။

ကျွန်တော်တို့ ဦးကြီးတစ်ယောက်က မီးရထားလိုင်းတွင် တစ်လမ်းဝင် တစ်လမ်းထွက် စားသုံးဆီရောင်းသည်။ ဟန်းဘားစက်ဘီး၏နောက်တွင် အမေရိကန်စစ်သုံး ဓာတ်ဆီသံပုံးပြားကြီးစ်ပုံးကို ချိတ်သည်။
ထိုစက်ဘီးကြီးကိုစီးကာ တစ်အိမ်ဝင် တစ်အိမ်ထွက် ဆီရောင်း၏။ သို့သော် လက်ငင်းမဟုတ် …၊ လစာချ မှ ပိုက်ဆံရသည်။ မီးရထားဝန်ထမ်း လစာချက်ရက်ကလည်း သူများလို လကုန်ရက်ချည်း မဟုတ်၊ သူ့ရက်နှင့်သူဖြစ်သည်။ ထိုရက်များမှ ပိုက်ဆံပေါ်သည်။ ဦးကြီးဆုံးတာလည်း ကြာပြီ၊ သူ့ဖောက်သည်များလည်း ရှိကြမှာမဟုတ်တော့။ ထို့အတူ ထိုမီးရထားဝန်ထမ်းများက တချို့ သိုးခြံ၊ တချို့အလမ်း၊ တချို့ ၇၇လမ်း၊ တချို့ ၂၇လမ်းက အထပ်မြင့် တိုက်တန်းကြီးတွေပေါ် ရောက်ကုန်ကြ သည်။ အရင်လို
တစ်စုတည်း မဟုတ်တော့။၂၇လမ်းကစ၍ ၇၈လမ်း ဝဲယာသည် မီးရထားဌာနပိုင်နေရာများ အဆောက်အဦများ ဖြစ်ခဲ့သည်။

အနောက်ခြမ်းက သံလမ်းအုပ်ကြီးရုံးရှိသည်။၂၇လမ်းနှင့် ၇၈လမ်းထောင့်မှာ မီးရထား ဆရာဝန်
ကြီးအိမ်နှင့် ဆေးရုံ ရှိခဲ့ဖူးသည်။ ၇၈လမ်းနှင့် ၂၈လမ်းထောင့်မှာတော့ မီးရထားတိုင်းရုံး ရှိခဲ့ဖူး၏။
ယခုတော့ စစ်သည်ဧည့်ရိပ်သာ။ ၇၈လမ်းပေါ်မှာ မီးရထားရိပ်သာခေါ်သည့် တစ်ထပ်တိုက်ပုလေးမှာ ထို အချိန်က မင်္ဂလာဧည့်ခံပွဲများ ကျင်းပရာနေရာဖြစ်သည်။ သာမန်မင်္ဂလာဧည့်ခံပွဲ ဆိုလျှင် ထိုနေရာလေးမှာပဲ စရိတ်စကကျဉ်းစွာ ခင်းကျင်းနိုင်လေသည်။ ခန်းမလးရှေ့မှာ သိပ်ပြီး အမြင်မရိုင်းလှတဲ့
ပန်းရုံလေးတွေလည်း ရှိရဲ့။ အရွက်ဖားဖားစိမ်းစိမ်း ပိန်းရွက်ကြီးတွေလည်း ရှိရဲ့။ ခပ်သွေ့သွေ့ မြက်ခင်းပြင်လေးလည်း ရှိရဲ့။ မင်္ဂလာမောင်မယ်သည် ထိုပန်းခြံလေးမှာပဲ သူတို့၏ ကြင်စဦးစုံတွဲ ဓာတ်ပုံလေးတွေ ရိုက်ကြတာပေါ့။ မီးရထားရိပ်သာနှင့် မျက်နှာချင်းဆိုင် ယခု ပုပ္ပားဟော်တယ်နေရာသည် ယခင်က ဧဝရတ်ဟော်တယ်ဖြစ်၏။ မန္တလေး၏ နာမည်ကြီး ဣန္ဒြေရသော ဘားဆိုင်တစ်ဆိုင်ဖြစ်ခဲ့ဖူးသည်။

ဧဝရတ်၏မြက်ခင်းပြင်အစပ် ဗိုလ်ကတော် မျက်ခုံးစည်းရိုးဘေးက ခုံလေးတွေပေါ်မှာ ဘီယာသောက်ကြ၊ ဝီစကီသောက်ကြ၊ဂျင်သောက်ကြတယ်ဆိုတာ ထိုခေတ်၏ လူဂုဏ်တန်လက္ခဏာတစ်ရပ်ဖြစ်သည်။ ဧဝရတ်မှာ ခေတ်ဆန်သော ကြေးရတတ် မန္တလေးသားတွေ ပင်တိုင် ထိုင်သည်။ တစ်ခါ တစ်ရံ မန္တလေးရုပ်ရှင်ခြံ၊ ရွှေမန်းရုပ်ရှင်ခြံတို့တွင်
ဓာတ်ရှင်ကား လာရိုက်သည့် မင်းသားတချို့လည်း ထိုင်ကြသည်။ ဧဝရတ်၏ ခရမ်းရောင် နီယွန်မီးလွှမ်းသည့် ညချမ်းများကား မေ့မရနိုင်စရာ။

ဘူတာကြီးနှင့် မျက်နှာချင်းဆိုင် တိုက်တန်းကြီးတွေကတော့ လေလောဆယ် ကုမ္ပဏီကြီးများ၏ အရောင်းပြခန်း၊ ဆိုင်ခန်းကြီးများက နေရာယူလာကြသည်။ ထိုမတိုင်မီ ကာလများတော့ လော်ကယ်ရထားစီး ညအိပ်ခရီးသည်များ အားထားရာ ထမင်းကြော်ဆိုင်လေးတွေ၊ မုန့်တီ၊မုန့်ဟင်းခါးဆိုင်လေးတွေ ရှိသည်။ ၇၈လမ်းနှင့် လမ်း၃၀ထောင့်မှာ အလုပ်သမား သက်သာ လက်ဖက်ရည်ဆိုင်လေးရှိသည်။နောက်တော့ ပုဂ္ဂလိက အလင်းဆိုင်။ ဘူတာနားက အလင်းဆိုင်မို့ ဇာတ်ကောင်စရိုက်စုံကို ထိုဆိုင်လေး၏ သစ်သားစားပွဲအို ရွဲ့ရွဲ့လေးတွေမှာ မြင်တွေ့နေရသည်။ လက်မှတ်မှောင်ခို၊ ပျံကျအလုပ်သမား၊ ပွဲပြန်ဈေးသည်၊ မျက်လှည့်ဆရာ၊နှစ်ချီတက် ဆေးရုံလူနာစောင့်၊ ခါးပိုက်နိုက်၊ မသာကန်ထရိုက် ဖဲသမား၊ ရဲလူထွက်၊ ညဉ့်ငှက်အတန်းအစား အမျိုးမျိုး…။

ကျွန်တော်ကတော့ ဘူတာရှေ့ ၇၈လမ်းမကြီးက မီးရထားသင်္ကြန်မဏ္ဍပ်ကြီးကို လွမ်းနေသည်။ စိန်တင်ဟန်၏ ““မြန်မာပြည်မီးရထား၊ မီးရထားကြီး လာပါပြီ”” ဟူသော သံဆန်းသင်္ကြန်သီချင်းကို လွမ်းနေ၏။ မီးရထားမဏ္ဍပ်ကြီးရှေ့ ဗိုလ်သခင်ဆရာ၊ညောင်ပင်သာက ဆိုးပေ၊ ပိတောက်ကုန်းက မျောက်ရှုံး၊ ဒသဂီရိ၊နေဝန်းနီစသော သံချပ်အသင်းများကို လွမ်းနေ၏။ မြို့မ၊ သင်္ဂဟ၊ သိင်္ဂီ၊ ရှုတိုင်းယဉ်၊ယဉ်၊ နဝရတ်၊ ဇွဲလုလင်၊တေးသဇင် စသော အလှပြရေသဘင် ကားကြီးများကို လွမ်းနေ၏။

ထို့ပြင် လမ်း၃၀၏တောင်ဘက်ရှိ ၇၈လမ်းပေါ်က မထင်ရှားလှသည့် ခပ်ဝပ်ဝပ် မြေစိုက်တစ်ထပ်အဆောက်အဦးလေး တစ်လုံးကိုလည်း သတိရနေမိသည်။ မီးရထားနှင့် ပတ်သက်သော ဤအဝန်းအဝိုင်းတွင် အဆောက်အဦးလေးမှာ မီးရထားအလုပ်သမားများ စာကြည့်တိုက်တဲ့လေ။ နတ်တော်လဆန်းတိုင်း ထိုစာကြည့်တိုက်က မြန်မာစာပေလောကမှ ထင်ရှားသော စာရေးဆရာ၊ဆရာမကြီးများ၏ စာပေဟောပြောပွဲကို ကျင်းပသည်။ မီးရထားစာကြည့်တိုက်၏ စာပေဟောပြောပွဲစင်ကို တက်ဖူးဟောပြောဖူးမှ အာဂစာရေးဆရာဟုပင် စာပေ အသိုင်းအဝန်းမှာ ပြောစမှတ်ရှိခဲ့သည်။
ဘူတာကြီးရှေ့ ဆင်ဝင်အနီးဟာပြောပွဲစင်မြင့်မှသည် ၇၈လမ်းနှင့် လမ်း၃၀တစ်ဝိုက်ပါ ရဟန်းပရိသတ် လူပရိသတ် သောင်းချီ ပိတ်ဆို့သွားစေအောင် စည်ကားခဲ့သည့် မီးရထား အလုပ်သမားများစာကြည့်သင်းက ဦးဆောင်ကျင်းပသော စာပေဟောပြောပွဲကြီးများကို လွမ်းဆွတ်မှုက ပိုလို့နေပါ၏။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW