ချစ်သူများနေ့မှာ နွားတွေကိုပွေ့ဖက်ဖို့ အိန္ဒိယတာ၀န်ရှိသူတွေ တိုက်တွန်း

ဒေလီ၊ ဖေဖော်ဝါရီ-၁၄-၂၀၂၃
မျိုးဆက်(VOM)

အိန္ဒိယအစိုးရရဲ့ တိရိစ္ဆာန်စောင့်ရှောက်ရေးဌာနဟာ ယခုနှစ်ချစ်သူများနေ့အထိမ်းအမှတ်နေ့မှာ ရိုမန်နစ်ဆန်ဆန်ကျင်းပဖို့ထက် ဟိန္ဒူဘာသာရဲ့တန်ဖိုးတွေ ပိုမိုကောင်းမွန်လာစေရေးအတွက် နွားတွေကို ပွေ့ဖက်ကြဖို့ နိုင်ငံသားတွေကို မေတ္တာရပ်ခံထားပါတယ်။

နွားတွေကို ပွေ့ဖက်ခြင်းဟာ စိတ်ခံစားမှုကြွယ်ဝစေပြီး တဦးချင်းနဲ့ စုပေါင်းပျှော်ရွှင်မှုကို တိုးပွားလာစေတယ်လို့ အိန္ဒိယတိရိစ္ဆာန်စောင့်ရှောက်ရေးဌာနက ပြောပါတယ်။

နွားကို သန့်ရှင်းမြင့်မြတ်မှုအဖြစ် သတ်မှတ်ထားတဲ့ ဟိန္ဒိူဘာသာ၀င်တွေဟာ အနောက်တိုင်းကသတ်မှတ်တဲ့ အထင်ကရနေ့ရက်တွေဟာ အိန္ဒိယရိုးရာတန်ဖိုး စံနှုန်းတွေနဲ့ ဆန့်ကျင်နေတယ်လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်း ဟိန္ဒိူသဘောထားတင်းမာသူတွေဟာ အိန္ဒိယမြို့ကြီးတွေက စတိုးဆိုင်တွေကို ၀င်ရောက်စီးနှင်းကာ ချစ်သူများနေ့အမှတ်တရလက်ဆောင်ပစ္စည်းတွေကို မီးရှို့ကာ ချစ်သူများနေ့ဟာ အကျင့်ပျက်မှုကိုအားပေးတယ်ဆိုကာ ပန်းခြံကိုလာရောက်တဲ့ စုံတွဲတွေကိုလည်း မောင်းထုတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

၀န်ကြီးချုပ်မိုဒီဦးဆောင်တဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီအစိုးရဟာလည်း ဟိန္ဒူဘာသာနဲ့ပတ်သက်ပြီး မြှင့်တင်မှုတွေပြုလုပ်နေပါတယ်။

အိန္ဒိယနိုင်ငံမှာ လူဦးရေ ၁ ဒသမ ၄ ဘီလီယံမှာ ဟိန္ဒူဘာသာ၀င် ၈၀ ရာခိုင်နှုန်းရှိပြီး မူဆလင် ၁၄ ရာခိုင်နှုန်း၊ ခရစ်ယာန်၊ ဆစ်ခ်၊ ဗုဒ္ဓဘာသာနဲ့ ဂျိန်းဘာသာ၀င် ခြောက်ရာခိုင်နှုန်းရှိပါတယ်။

Ref:AP
Photo: AP
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW