ဆယ်တန်းကျောင်းသား ဗကသအဖွဲ့ဝင် ကိုဟိန်းထက် ထောင်ဒဏ် တသက်တကျွန်း ချခံရ

ဖေဖော်ဝါရီ ၁၄ – ၂၀၂၃
SN (VOM)

ရန်ကုန်တိုင်း အထက (၁) မြောက်ဥက္ကလာပက ဆယ်တန်းကျောင်းသား အသက် ၁၈ နှစ်အရွယ် ကိုဟိန်းထက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)၊ ၅၀(ည)ပုဒ်မတွေနဲ့ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က မနေ့ ဖေဖော်ဝါရီ ၁၃ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

“ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) တို့နဲ့ အမိန့်ချလိုက်တာပါ။ သူက အခုမှ အသက် ၁၈ နှစ်ပြည့်ရုံပဲ ရှိပါသေးတယ်။ အထက (၁) မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂမှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူပါ။ အဖမ်းမခံရခင် နိုင်ငံရေး အပြောင်းအလဲ မဖြစ်ခင်မှာ ဆယ်တန်းကို တက်ရောက်ခဲ့ပါတယ်“ လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)ဟာ ထောင်ဒဏ် ၃ နှစ်အထိသာ ချမှတ်နိုင်ပေမယ့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ကတော့ ထောင် ၁၀ နှစ်ကနေ တသက်တကျွန်းအထိ ချမှတ်နိုင်တဲ့ ဥပဒေဖြစ်တယ်လို့ ရှေ့နေတဦးက ပြောပါတယ်။

ကိုဟိန်းထက်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်က မင်္ဂလာဒုံမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်တဲ့ နောက်ဆုံးစာရင်းတွေအရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၅၆၈၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၄၁၇၉)ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ သိရပါတယ်။

အခု ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်အထိ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၃)ဦး ရှိနေပြီဖြစ်ကာ သေဒဏ်ချခံထားရသူ (၄၁)ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၄) ဦးရှိနေပြီဖြစ်ပြီး အာမခံနဲ့ လွတ်မြောက်သူ (၂၄) ဦးရှိကာ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၈၁၇) ဦး ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဆယ်တန်းဗကသကျောင်းသား #ထောင်တသက်တကျွန်းချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW