ဧရာဝတီတိုင်းမှာ အခုနှစ် ဆောင်းသီးနှံစိုက်ပျိုးမှု ထက်ဝက်ကျော် လျော့နည်းလာ

ဖေဖော်ဝါရီ၊ ၁၄-၂၀၂၃
MM(VOM)

ဧရာဝတီတိုင်းက တောင်သူတွေ အခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ သွင်းအားစုကုန်ကျစရိတ်တွေအလွန်များလာတာကြောင့် ဆောင်းသီးနှံတွေကို ထက်ဝက်ကျော်အထိ လျှော့ချစိုက်ပျိုးနေကြရတယ်လို့ ဒေသခံတောင်သူတွေကဆီကနေ သိရပါတယ်။

အဲ့ဒီလို သွင်းအားစု စိုက်ပျိုးစရိတ်တွေ အဆမတန် ကုန်ကျမှုတွေရှိလာတာကြောင့် ဧရာဝတီတိုင်းက တောင်သူတွေဟာ အခုနှစ် ဆောင်းသီနှံစိုက်ပျိုးတဲ့ရာသီမှာ လယ် ၁၀ ဧက ရှိတဲ့ တောင်သူ ၁ ယောက်ကို ၄ ဧကအထိပဲ စိုက်ပျိုးပြီး ၁ ဧက ရှိတဲ့တောင်သူ ၁ ယောက်ကို ဧကဝက်ပဲ စိုက်ပျိုးကြတော့တယ်လို့ သိရပါတယ်။

”စက်သုံးဆီဈေးနှုန်းတွေကလည်း ပြီးခဲ့တဲ့နှစ်တွေကစပြီး ပုံမှန်ထက် တော်တော်ကို တက်နေတာ၊ အနည်းအငယ် သုံးတဲ့သူတွေအတွက်တော့ ကိစ္စမရှိဘူး ၊ အများကြီးသုံးရတဲ့ ဦးတို့တောင်သူတွေအတွက် အတော့်ကို အခက်အခဲဖြစ်နေတယ် ၊တစ်ရာသီလည်း မဟုတ် နှစ်ရာသီလည်းမဟုတ်ဖြစ်နေပြီ ၊ အရင်က ဆီတစ်ပေပါ ၅၀ ဂါလံကို ငွေကျပ် ၁ သိန်း ၅ သောင်းပဲရှိတာ၊ အခု ၅ သိန်းခွဲကျော်နေပြီ ၊မြေဩဇာ ဈေးနှုန်းတွေကလည်း ဘယ်မြေသြဇာအိတ်ဖြစ်ဖြစ် အရင်က တအိတ် ၃ သောင်းကျော်ပဲရှိတာ၊ အခုနှစ် တအိတ်ကို ငွေကျပ် ၁၃၀၀၀၀ အထိမြင့်လာတယ်၊ ဘယ်လိုမှ မတတ်နိုင်တဲ့အခြေအနေတွေဖြစ်လာလို့ အခုလိုပဲ ဧကတွေ လျှော့ချစိုက်ပျိုးဖို့ ဆုံးဖြတ်ရတာပါ၊ဧကပြည့် စိုက်ချင်တာပေါ့၊ စိုက်ပျိုးစရိတ်အတွက်မရှိပါဘူး ၊ စားဖို့တောင် အနိုင်နိုင်။”လို့ ပန်းတနော်မြို့နယ် တောင်သူတယောက်က VOMကိုပြောပါတယ်။

ဧရာဝတီတိုင်းက တောင်သူတွေဟာ မနှစ်ကသီးနှံတွေ စိုက်ပျိုးရာသီက နယ်မြေ မတည်ငြိမ်မှုတွေကြောင့် ဘေးလွတ်ရာထွက်ပြေးနေရပြီး စိုက်ပျိုးသီးနှံတွေရိတ်သိမ်းလို့ မရခဲ့တဲ့အတွက် အရှုံးပေါ်ခဲ့တာနဲ့ ဒီနှစ်စိုက်ပျိုးဖို့အတွက် စိုက်ပျိုးစရိတ်တွေ ပြန်မသုံးနိုင်တာတွေလည်းဖြစ်နေတယ်လို့ သိရပါတယ်။

”ဒီနှစ်မှာလည်း နယ်မြေမတည်ငြိမ်မှုတွေဆက်ရှိနေ ပါတယ် ၊ ကျွန်မတို့ဒေသမှာ ဒီနှစ်လည်း စိုက်ပျိုးမှုဧကတွေ လျော့နည်းနေတယ်၊ နည်းနည်းငြိမ်တဲ့ ရွာတွေဘက်မှာတော့ စိုက်ကြတာတွေ့ရတယ်၊ ဒါတောင် အရင်လို အများကြီး မဟုတ်ဘူး ၊ကျွန်မတို့ကိုယ်တိုင်လည်း မနှစ်က စိုက်ခဲ့တဲ့သီးနှံတွေ ပြန်မရိတ်သိမ်းနိုင်ခဲ့တာကြောင့် ဒီနှစ်အရင်းထည့်ဖို့မရှိ ဖြစ်နေတာ ၊ မရှိတဲ့အတူတော့ မတတ်နိုင်ဘူးလေ ၊ ကိုယ်စားဖို့လောက်ပဲ စိုက်တော့မှာ”လို့ ကျိုက်လတ်မြို့နယ် တောင်သူတယောက်က VOMကိုပြောပါတယ်။

အခု စိုက်ပျိုးရေးသွင်းအားစုတွေ အဆမတန်ဈေးတက်နေတာကြောင့် တောင်သူတွေ အခက်အခဲရှိလာတာဟာ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဖြစ်ပွားလာရတဲ့ အကျိုးဆက်တွေဖြစ်ပြီး နိုင်ငံရေးအခြေအနေ ပုံမှန်ပြန်မရောက်သေးတဲ့အချိန်အထိ ကုန်ဈေးနှုန်းတွေက တက်နေဖို့သာရှိတယ်လို့ စိုက်ပျိုးရေးပစ္စည်းတွေတင်သွင်းရောင်းချတဲ့ စီးပွားရေးလုပ်ငန်းရှင်တယောက်ပြောပါတယ်။

”အခုက အကုန်ကျပ်တည်းနေတာ ၊ဒီအခြေအနေတိုင်းဆို မလွယ်တော့ဘူး၊ အရောင်းအဝယ်တွေလည်းမကောင်းဘူး၊ အခု တောင်သူတွေ အခက်အခဲဖြစ်နေရတဲ့ အဓိကအကြောင်းအရင်းကလည်း ကုန်ဈေးနှုန်းတွေ ထိုးတက်နေတာကြောင့်ပါ ၊ ကုန်ဈေးနှုန်းတွေ ထိုးတက်လာတာကလည်း နိုင်ငံရေး အကျပ်အတည်းတွေကြောင့်ဖြစ်နေတာ၊ ကုန်ဈေးနှုန်းတွေက အခုထက် တက်ဖို့သာ ရှိတယ်။”လို့ သူကဆက်ပြောပါတယ်။

ဧရာဝတီတိုင်းမှာ တောင်သူတွေဟာ ဆောင်းသီးနှံကို
စပါးအပြင် မတ်ပဲ ၊ ငရုတ် ၊ ပဲတီစိမ်း ၊ နေကြာ ၊ နှမ်း ၊ မြေပဲ ၊ ဖူးစားပြောင်း ၊ အစေ့ထုတ်ပြောင်းနဲ့ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စိုက်ပျိုးစရိတ်တွေလုံးဝမရှိတဲ့ တောင်သူတွေဟာ အခုနှစ် ဆောင်းသီးနှံကို မစိုက်ပျိုးတော့ဘဲ ထားလိုက်တော့မယ်လို့ တောင်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #ဆောင်းသီးနှံစိုက်ပျိုးမှု #ထက်ဝက်ကျော်လျော့နည်း

Related posts

Leave a Comment

VOM News

FREE
VIEW