နိုင်ငံခြားသား ခရီးသွားတွေ နယ်မြေမအေးချမ်းတဲ့ နေရာအများစုကို သွားရောက်လည်ပတ်လို့မရသေး

ဖေဖော်ဝါရီ ၁၆ – ၂၀၂၃
GG(VOM)

မြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့ ပြည်ပနိုင်ငံခြားခရီးသွားဧည့်သည်တွေအနေနဲ့ နယ်မြေအေးချမ်းမှုမရှိသေးတဲ့ ကချင်၊ကရင်၊ချင်း၊စစ်ကိုင်းတိုင်း၊ရှမ်းပြည်နယ်က နေရာအချို့၊မကွေးကမြို့နယ်အချို့၊ တနင်္သာရီတိုင်း စတဲ့နေရာတွေကို ခရီးစဥ်ပြေးဆွဲတာမရှိလို့ ပြည်ပခရီးသွားတွေ သွားရောက်လည်ပတ်လို့မရသေးဘူးလို့ သိရပါတယ်။

ရန်ကုန်အပါအဝင် ၊ ကျိုက်ထီးရိုး၊ပုဂံဒေသ၊မန္တလေး၊ပြင်ဦးလွင်နဲ့ အင်းလေးဒေသ၊ ကမ်းခြေ တွေကိုသာ လည်ပတ်လို့ရသေးတယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။

“နိုင်ငံရေးအရ မတည်ငြိမ်သေးတဲ့နေရာတွေကို ခရီးသွားလုပ်ငန်းတွေကလည်း ခရီးစဥ်တွေမဆွဲပါဘူး၊ရပ်ထားကြတယ်၊ခရီးသွားတွေကလည်း ပုဂံသွားတယ်၊ကမ်းခြေသွားတယ်၊ကျိုက်ထီးရိုသွားတယ်၊ရှမ်းဘက်ဆိုရင် အင်းလေးဒေသသွားကြတယ်၊သီပေါဘက်တွေတော့မပါဘူး”လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးကပြောပါတယ်။

လက်ရှိမှာ ပြည်တွင်းကို အလည်အပတ်ခရီးစဥ်အဖြစ်ဝင်ရောက်လာတဲ့ ပြည်ပခရီးသွားဧည့်သည်တွေအတွက် ဘေးကင်းလုံခြုံရေးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စောင့်ရှောက်ပေးတာတွေပြုလုပ်ပေးနေတယ်လို့သိရပါတယ်။

ဒါကြောင့် ခရီးသွားလုပ်ငန်းတွေအနေနဲ့လည်း ပြည်ပခရီးသွားဧည့်သည်အရေအတွက်နဲ့သွားရောက်မယ့် ခရီးစဥ်ဒေသ၊နေထိုင်မယ့် ကြာချိန်တွေကို အချိန်တပတ်ကြိုပြီးတင်ပြရတယ်လို့သိရပါတယ်။

လက်ရှိမှာ မြန်မာပြည်ကို အများဆုံးဝင်ရောက်လာနေတဲ့ ပြည်ပခရီးသွားဧည့်သည်တွေထဲမှာ ထိုင်း၊ရရှားနဲ့တရုတ်ကအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၈၊၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံကို နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု ၄ ဒသမ ၈ သန်းကျော်အထိ ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ပြည်ပခရီးသွားဝင်ရောက်မှုက ၂၃၃၄၀၀ ကျော်သာရှိခဲ့တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် ပြည်ပခရီးသွားဝင်ရောက်ခွင့်ပိတ်ထားရာကနေ ၂၀၂၂ ခုနှစ် မေလမှာ စတင်လက်ခံခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နိုင်ငံခြားသားခရီးသွားကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW