တရုတ်ဘက် တင်ပို့တဲ့ ဖရဲ၊ သခွား ဈေး ပြန်ကောင်းလာ

ဖေဖော်ဝါရီ ၁၇ -၂၀၂၃
Shy V (VOM)

မြန်မာနိုင်ငံရဲ့ အရှေ့မြောက်စီးပွားရေး တံခါးပေါက် ဖြစ်တဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကျင်စန်းကျော့ – ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ မြန်မာ့ ဖရဲ၊ သခွားတွေ ဒီရက်ပိုင်းအတွင်း ဈေးကောင်းလာတယ်လို့ နယ်စပ် သစ်သီး ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“သစ်သီးကားတွေ အဝင်နည်းပြီး ဝယ်လိုအား မြင့်နေတယ်၊ လတ်တလော မြန်မာဘက်က သစ်သီးကားတွေ တရုတ်ဘက် အဝင် တရက်ကို ဖရဲကား အစီး ၇၀ ဝန်းကျင် နဲ့ သခွား အဝင် အစီး ၃၀ ဝန်းကျင်ပဲ ရှိတယ်။”လို့ သစ်သီး ပို့ကုန်လုပ်ငန်း ရှင်တဦးက ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က တရုတ်ဘက် ချန်ဟော် သစ်သီးအရောင်းကွင်းမှာ သစ်သီး အမြင့်ဆုံးဈေးများ ဖရဲ အကြား ၁ ကီလိုဂရမ်ကို ၄.၆ ယွမ်၊ ထျဲန်းဝမ် ၁ ကီလိုဂရမ်ကို ၅.၃ ယွမ်၊ ရွှေသခွား ၁ ကီလိုဂရမ်ကို ၇.၂ ယွမ် ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

နောက်ထပ် သစ်သီး Export ကုန်သည် တဦးကလည်း “ကောင်းပါတယ်။ ရောင်းအား ဝယ်အား အကုန် ကောင်းပါတယ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က နယ်စပ်ကုန်သွယ်မှု 2.0 စနစ် တရုတ်ဘက်က အဆင့်မြှင့်တင်တဲ့ ဂယက်ကြောင့် တင်ပို့မှု ကားတွေ စုပြုံသွားပြီး အသီးတွေ ဈေးကျသွားခဲ့ပေမယ့် ဖေဖော်ဝါရီ ၁၄ ရက်ကစ ဖရဲ 855 ၁ ကီလိုဂရမ်ကို အမြင့်ဆုံး ၄.၁ ယွမ်၊ ထျဲန်းဝမ် ၁ ကီလိုဂရမ်ကို ၅.၅ ယွမ် ရှိပြီး စီးပြတ် ယွမ် ၈၆,၀၀၀ ထိ ဈေးရကာ သခွားမွှေးကတော့ အရည်အသွေး အကောင်းဆုံး ၁ ကီလိုဂရမ်ကို ၆.၆ ယွမ်၊ အစေ့မဲ့ ၅.၇ ယွမ် ထိ ဈေးတွေ ပြန်ရလာတာ”လို့ ပြောပါတယ်။

ဈေးကောင်းရဖို့နဲ့ ဈေးကွက်ထိန်းနိုင်ဖို့ မြန်မာဘက်က အရည်အသွေးကောင်းတဲ့ အသီးတွေသာ တင်ပို့သင့်ကြောင်းနဲ့ လက်ရှိမှာတော့ တရုတ်ယွမ် နဲ့ မြန်မာ ကျပ်ငွေ လဲလှယ်နှုန်းက တရုတ်ငွေ ၁ ယွမ် ကို မြန်မာငွေ ၄၂၀ ကျပ် ဝန်းကျင်ရှိတယ်လို့ နယ်စပ် ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

Photo Crd – ခွာညို
#voiceofmyanmar #VOM #ဖရဲသခွါး #စျေးကွက်ပြန်ကောင်းလာ

Related posts

Leave a Comment

VOM News

FREE
VIEW