ခန္တီး – ဟုမ္မလင်း လမ်းပိုင်း မိုင်းနောင်းတံတား ကျိုးကျလို့ ကုန်စည်ကူးသန်းမှု ပျက်တောက်

ဖေဖော်ဝါရီ ၊ ၂၀-၂၀၂၃

SP (VOM)

စစ်ကိုင်းတိုင်း ၊ ခန္တီးမြို့နယ် ၊ လင်းဖားကျေးရွာအုပ်စု ၊ မိုင်းနောင်းကျေးရွာနားက ဟုမ္မလင်း – ခန္တီး ကားလမ်းပေါ်က မိုင်းနောင်း သံဘေလီ သစ်သား တံတားဟာ မနေ့ ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းက ကျိုးကျ ပျက်စီးသွားတာကြောင့် ကားတွေသွားလာလို့ မရတော့ဘဲ ကုန်စည်ကူသန်းတာတွေ ပြတ်တောက်သွားတယ်လို့ ခန္တီးမြို့ခံ ကုန်သည် အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မနေ့မနက်ပိုင်းက ကုန်ကားတစ်စီး အဲ့ဒီ တံတားပေါ် ဖြတ်သန်းမောင်းတဲ့အခါ ၊ တံတားကျိုးကျ ပျက်စီးသွားတာဖြစ်တယ် ၊ အဲ့ဒီ တံတားက ခန္တီး ဟုမ္မလင်း မန္တလေး ကုန်သွယ်ရေးလမ်းပေါ်မှာ အဓိကကျတဲ့ တံတားဖြစ်တယ် ၊ တံတားကျိုးကျတဲ့အတွက် ခန္တီးမြို့မှာ ကုန်စည် စီးဆင်းဝင်ရောက်တာ မရှိတော့ဘူး”လို့ ခန္တီးမြို့ခံ ကုန်သည် အသိုင်းအဝိုင်းက ပြောပါတယ်။

ဟုမ္မလင်း – ခန္တီးကားလမ်းဟာ ကုန်းတွင်းပိတ် တောင်ပေါ် မြေသားကားလမ်း အမျိုးအစားဖြစ်ပြီး မိုးရွာသွန်းမှု များပြားတဲ့ဒေသဖြစ်တာကြောင့် ၁ နှစ်မှာ ၄ လပဲ သွားလာနိုင်တယ်လို့ သိရပါတယ်။

” ချင်းတွင်းမြစ်ကြောင်းကနေ ရေလမ်းနဲ့ ခန္တီးမြို့ကို ကုန်စည်ပို့မယ်ဆိုရင် ဒီရာသီက ရေကြောင်း ကြပ်တာကြောင့် ကုန်တင် ရေယာဥ်တွေ သွားလာဖို့ အဆင်မပြေဘူး ၊ အဲ့ဒါကြောင့် ကုန်းလမ်းပဲ အဓိက အားထားရတာဖြစ်တယ် ၊ အခုလို မိုင်းနောင်း တံတားကျိုးကျတဲ့အတွက် ခန္တီး ကုန်သွယ်ရေးကို ထိခိုက်စေတယ် “လို့ ကုန်သည်တယောက်က ပြောပါတယ်။

အဲ့ဒါကြောင့် မန္တလေး ၊ မုံရွာ ၊ ဟုမ္မလင်း ၊ ခန္တီး ကုန်စည်ပို့ဆောင်ရေး ကားသမားတွေအနေနဲ့ အဲ့ဒီ လမ်းပိုင်းကို သွားလာမယ်ဆိုရင် လမ်းပိုင်း အခြေအနေ စုံစမ်းပြီးမှ သွားလာသင့်တယ်လို့ ကားသမားတွေက ပြောပါသေးတယ်။

#voiceofmyanmar #VOM #ခန္တီး #တံတားကျိုးကျ #ကုန်စည်ကူးသန်းပျက်တောက်

Related posts

Leave a Comment

VOM News

FREE
VIEW