ငွေဆောင်နဲ့ ချောင်းသာ ကမ်းခြေက သန္တာကျောက်တန်းတွေ ခွာယူပြီး ရောင်းချနေသူတွေရှိနေ

ဖေဖော်ဝါရီ ၁၉-၂၀၂၃ 

MM(VOM) 

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင် ၊ ငွေဆောင်မြို့နဲ့ ချောင်းသာမြို့ရှိ ကမ်းခြေတွေက သဘာဝသန္တာကျောက်တန်းတွေကို ခွာယူရောင်းချနေတဲ့သူတွေရှိလာတာကြောင့် ပြုန်းတီးမှုအန္တရာယ်တွေရှိလာတယ်လို့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းအဖွဲ့ တာဝန်ရှိတွေဆီကနေ သိရပါတယ်။ 

သဘာဝ သန္တာကျောက်တန်းတွေကို ခွာယူရောင်းချတဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဝယ်ယူတာ ၊ ပြန်လည် ရောင်းချတာတွေ မလုပ်ကြဖို့နဲ့ ဒေသခံတွေက သန္တာကျောက်တန်းတွေ ပျက်စီးရင် အဖိုးတန် ဇီဝမျိုးကွဲတွေ ဆုံးရှုံးနိုင်သလို ရေလုပ်ငန်းတွေကိုလည်း ထိခိုက်လာနိုင်တာကြောင့် အားလုံး ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ အဏ္ဏဝါသိပ္ပံဌာနက ပါမောက္ခတယောက်ကပြောပါတယ်။ 

”အဏ္ဏဝါရဲ့အဓိကဂေဟစနစ်တွေထဲမှာ သန္တာကျောက်တန်း ဂေဟစနစ်တခု အပါအဝင်ဖြစ်ပြီး အဖိုးတန် ဇီဝမျိုးကွဲပေါင်း မြောက်များစွာ မှီတင်းနေထိုင်ကြတယ်၊ ကိုယ့်လောဘ တခု ကိုယ့်ကိုယ်ကျိုးတခုတည်း မကြည့်ကြဖို့ အရင်ပြောချင်တယ် ၊ ဘာကြောင့်လည်း ဆိုတော့ သန္တာကျောက်တန်းတွေ ပျက်စီးသွားရင် သန္တာကျောက်တန်း ဂေဟနစ်ကို မှီတင်းနေထိုင်ကြတဲ့ ငါးသယံဇာတ အပါအဝင် အဖိုးတန် ဇီဝမျိုးကွဲပေါင်းမြောက်များစွာနဲ့ အဏ္ဏဝါဝန်းကျင်ကိုပါ ပျက်စီးဆုံးရှူံးသွားစေနိုင်တယ် ၊ ဒီလို ပျက်စီးသွားရင် စားသုံးသူမှအစ နိုင်ငံတော်ရဲ့ဝင်ငွေကိုပါ ထိခိုက်စေပါတယ်၊ အခုလို ဖြစ်စဉ်တွေဖြစ်လာတာ ကလည်း စီးပွားရေး ကျပ်တည်းလာတာတွေပါတယ်။”လို့ သူကဆက်ပြောပါတယ်။ 

သန္တာကျောက်တန်းတွေ ပျက်စီးသွားတဲ့အခါ ဂေဟစနစ်တွေလည်း ပျက်စီးနိုင်တာကြောင့် ကမ်းခြေ ဒေသရဲ့ အဓိကစီးပွားရေးလုပ်ငန်း ၁ ခုဖြစ်တဲ့ ရေလုပ်ငန်းနဲ့ ဖွံ့ဖြိုးဖို့အားယူနေတဲ့ ပင်လယ်ပြင် ခရီးသွားလုပ်ငန်းရဲ့ အစိတ်အပိုင်းတွေလည်း ထိခိုက်မှုကြီး စွာဖြစ်ပေါ်စေမှာဖြစ်တယ်လို့ သဘာဝနဲ့ အဏ္ဏဝါသိပ္ပံပညာရှင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။ 

”ရာသီဥတုပြောင်းလဲတာကြောင့် မြန်မာနိုင်ငံမှာကမ္ဘာ့ သန္တာကျောက်တန်းတွေ ပျက်စီးမှုက တနှစ်ထက် တနှစ် ပိုမိုဆိုးလာပါတယ်၊ သန္တာကျောက်တန်းတွေ ပျက်စီး မှု ပိုမိုဆိုးလာရခြင်းရဲ့အဓိကမှာ လူ့ပယောဂကြောင့်ဖြစ်ပြီး ကျန်တဲ့အကြောင်းတွေက ပြင်းထန်တဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့်နဲ့ ငါးအလွန်အကျွံဖမ်းတာ စတဲ့အချက်တွေကြောင့်ဖြစ်ပါတယ်၊  ဒါကြောင့်မြန်မာနိုင်ငံရဲ့ပင်လယ်ငါးဖမ်း လုပ်ငန်းမှာ သန္တာကျောက်တန်း ဂေဟစနစ်ဖြစ်တဲ့ သန္တာကျောက်တန်း၊ ဒီရေတောနဲ့ ပင်လယ်မြက်တို့ တည်ရှိနေမှုအပေါ်မှာ အများကြီးမှီခိုနေပါတယ်၊ ဒီဂေဟစနစ်ပျက်စီးခဲ့မယ်ဆိုရင် ရေလုပ်ငန်းနဲ့ ပင်လယ် ခရီးသွားလုပ်ငန်းတွေထိခိုက်မှုဖြစ်ပေါ်လာမှာဖြစ်ပါတယ်။”လို့ သဘာဝနဲ့ အဏ္ဏဝါသိပ္ပံပညာရှင်တယောက်ကပြောပါတယ်။ 

အဲ့ဒီ သန္တာကျောက်တန်း ဂေဟစနစ်ဟာ ရေလုပ်ငန်း အတွက်သာမက ပင်လယ်ပြင်ခရီးသွား လုပ်ငန်းဖြစ်တဲ့ Snorkeling နဲ့ Scuba Diving ပြုလုပ်ခြင်းတို့ အတွက်ပါ အသုံးဝင်တဲ့ ဂေဟစနစ်တခုဖြစ်ပြီး အဲဒီ ဒီဂေဟစနစ်မှာ ပါဝင်တဲ့ ဒီရေတောဟာလည်း creative ပြုလုပ်နိုင်ရင် ခရီးသွားလုပ်ငန်းအတွက် သာမက စိုက်ပျိုးရေးလုပ်ငန်းအတွက်ပါ အသုံးချလို့ရနိုင်တယ်လို့ သိရပါတယ်။ 

ဒါကြောင့်သန္တာကျောက်တန်း ဂေဟစနစ်မှာပါဝင်တဲ့ အရာအားလုံးကို အဲဒီပတ်ဝန်းကျင်မှာ ရှိနေတဲ့သူအားလုံးအနေဖြင့် မပျက်စီးစေဖို့ ကာကွယ်စောင့်ရှောက်ရန် အထူးလိုအပ်တယ်လို့သိရပါတယ်။ 

အဲ့ဒီ ဒေသတွေမှာ သန္တာကျောက်တန်းတွေကို ခွာယူ ရောင်းချတဲ့ ဖြစ်စဉ်တွေဟာ အရင်က မရှိခဲ့ဘဲ စီးပွားရေး ကျပ်တည်းလာတာနဲ့ အလုပ်အကိုင် အခွင့်အလမ်းရှားပါး လာတာကြောင့် ၂၀၂၁ခုနှစ်နောက်ပိုင်းကနေ လက်ရှိအချိန်အထိဖြစ်ပွားနေတာလို့ ဒေသခံတွေနဲ့သဘာဝနဲ့ အဏ္ဏဝါသိပ္ပံပညာရှင်တွေရဲ့ပြောပြချက်အရသိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #သန္တာကျောက်တန်း #ရောင်းချမှု #သဘာဝပတ်ဝန်းကျင်ကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW