ညောင်ဦး၊ဂျိုးကန်ရွာ မီးလောင်လို့ အိမ်(၁၆)အိမ်ခန့်နဲ့ တိရိစ္ဆာန်တွေပါ မီးလောင်​သေဆုံး

ဖေဖော်ဝါရီ ၂၀ – ၂၀၂၃

GG(VOM)

ညောင်ဦးမြို့နယ်၊ ကန်နီပေါက်ကျေးရွာအုပ်စု ၊ဂျိုးကန်ကျေးရွာမှာ မနေ့ ဖေဖော်ဝါရီ ၁၉ရက်နေ့က မီးလောင်မှုဖြစ်ပြီး လူနေအိမ် ၁၆ အိမ်ထက်မနည်း မီးလောင်ပြာကျခဲ့ပြီး တိရစ္ဆာန်တွေလည်းမီးလောင်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မနေ့က နေ့လယ် ၁၂ နာရီကျော်ခန့် ဂျိုးကန်ရွာထဲက လူနေအိမ်တအိမ်ရဲ့ ထင်းမီးဖိုကနေတဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး အဲ့ဒီကမှတဆင့် နောက်ထပ်လူနေအိမ်တွေနဲ့ ဆိတ်၊သိုး၊ဝက်ခြံတွေကိုပါ မီးကူးကာ မီးလောင်သေဆုံးခဲ့တာ​ ဖြစ်တယ်လို့ သိရပါတယ်။

  အိမ်စောင့်မရှိဘဲ ထမင်းအိုးတည်ထားခဲ့ရာကနေ မီးဖိုနားက ထန်းလက်အကာကို မီးကူးပြီး ဘေးအိမ်တွေကိုပါ မီးလောင်ခဲ့တာလို့သိရတယ်၊သိုးတွေရောဝက်တွေရော သေတယ်၊မီးထဲပါတဲ့အိမ်တွေလည်း အကုန်ဘာမှရစရာမရှိအောင်ပျက်စီးကုန်တယ် ” လို့ ဂျိုးကန်ရွာအနီးနေထိုင်သူတဦးကပြောပါတယ်။

မီးလောင်ကျွမ်းခဲ့တာက ၁၆ပေပတ်လည် ထန်းရွက်မိုး ဝါးထရံကာ မြေစိုက်လူနေအိမ် ၊၁၆ ပေပတ်လည် သွပ်မိုးဝါးထံကာ မြေစိုက် လူနေအိမ်၊၂၄ ပေပတ်လည် သွပ်မိုး ဝါးထရံကာ ၂ ထပ်လူနေအိမ်တွေနဲ့ ၁၆ ပေပတ်လည် သွပ်မိုး ဝါးထရံကာ ၂ ထပ်လူနေအိမ်တွေဖြစ်တယ်လို့ ​ညောင်ဦး မီးသတ်တပ်ဖွဲ့ကသိရပါတယ်။

” လူနေအိမ် ၁၆ လုံးပါ ၊ မီးဘေးသင့်ပြည်သူတွေကို ဌာနဆိုင်ရာကလည်း အကူအညီတွေပေးဖို့စီစဥ်နေပါတယ်။ “လို့ မီးငြိမ်းသတ်ရာမှာပါဝင်ခဲ့တဲ့မီးသတ်တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

 မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးပြီး ဒုက္ခရောက်ခဲ့ရတဲ့ မီးဘေးသင့် ​သူ ၆၀ ကျော်ရှိပြီး လောလောဆယ်မှာ အားလုံးကို ဂျိုးကန်ရွာက သီရိမင်္ဂလာဘုန်း တော်ကြီးကျောင်းဝင်းအတွင်းမှာ ယာယီရွေ့ပြောင်းထားရှိတယ်လို့ သိရပါတယ်။

နောက်ပြီး မီးစတင်လောင်တဲ့ နေအိမ်ပိုင်ရှင်ကို မီးပေါ့ဆမှုနဲ့ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလတုန်းကလည်း ညောင်ဦးမြို့နယ်၊ ကြအိုကျေးရွာအုပ်စု၊ မြောင်ကျေးရွာ မီးလောင်မှုမှာ အိမ်ခြေ  ၆၃ လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၂၄၂ ယောက် မီးဘေးသင့်ခဲ့ရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ညောင်ဦး #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW